ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံသုံးရုံ အပိတ်ခံထားရသည့်အချိန်တွင် မြို့ပေါ်တွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါအဖြစ်များနေကြောင်း မြို့ခံများက ပြောသည်။
ပါးချိတ်ရောင်ရောဂါမှာ ဇန်နဝါရီလကတည်းက စတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါမှာ မတ်လဆန်းပိုင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် မိသားစုသုံးခုတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြကြောင်း ပြောသည်။
ယင်းအနက် မိသားစုတစ်ခုတွင်မူ ၎င်းတို့နေအိမ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ပါးချိတ်ရောင်ရောဂါပါ မိသားစုဝင်အားလုံး တစ်ပြိုင်တည်းဖြစ်ပွားနေကြောင်း ပြောဆိုသည်။
ယင်းကဲ့သို့ ရောဂါပွားသူများနေသည့်အချိန် ထားဝယ်မြို့ရှိ မယ်ဒီလန်း၊ အေး၊ ဆာဒိုဝါး ပုဂ္ဂလိက ဆေးရုံသုံးရုံမှာ အပိတ်ခံထားရသဖြင့် လူနာလက်ခံကုသပေးနိုင်ခြင်း မရှိပေ။
ထိုကဲ့သို့ ဆေးရုံသုံးရုံ အပိတ်ခံထားရသဖြင့် ထားဝယ်ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံများဖြစ်သည့် ချမ်းမြေ့၊ မြင့်မိုရ်ဦး ဆေးရုံနှစ်ရုံ၊ မြို့ပြင်ရှိ စစ်ကောင်စီဆေးရုံတို့တွင် ဆေးရုံတက်ရောက်ကုသခွင့်ရရန် အလုအယက်ကြိုးပမ်းနေရကြောင်း မြို့ခံများက ဆိုသည်။
“လူနာက ဆေးရုံပို့ရဖို့ လိုနေပြီ။ အဲဒီအချိန်မှာမှ ဆေးရုံမှာ အခန်းရအောင် အရင်ဖုန်းတွေကြိုဆက်၊ အခန်းရပြီဆိုမှ ဆေးရုံတင်ရတာ” ဟု လက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဆေးကုသနေသူ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
အချို့မှာ ဟိုတယ်အခန်းငှားရမ်းနေထိုင် ကုသနေရပြီး အချို့မှာ နီးစပ်ရာဆွေမျိုးများတွင် နေထိုင်ကာ ကုသနေရသူများ လည်း ရှိသည်။ ယင်းအပြင် မြို့အနီးဝန်းကျင် နေထိုင်သူတို့ကမူ နေ့ချင်းပြန် အသွားအပြန် လုပ်ကာ ဆေးဝါးကုသ နေရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
မြို့ခံများမှာ ဆေးခန်းပြကာ လူနာအားပြုစုရန်အတွက် ကျန်းမာရေးဝန်ထမ်းများကို အိမ်ခေါ်ပြီး ကုသနေရသူများလည်း များပြားနေကြောင်း မြို့ခံတို့က ပြောသည်။
“ကျွန်မတို့အိမ်မှာ အိမ်တစ်ဆောင်လုံး (ဝမ်းပျက်၊ ဝမ်းလျှော၊ ပါးချိတ်ရောင်ရောဂါ) ဖြစ်နေတာဆိုတော့ ဆေးခန်းမှာ သွားပြပြီးရင် ဆေးထိုးဖို့ကတော့ သူနာပြုဆရာမငှားပြီး ကုနေရတယ်။ ပိုက်ဆံကတော့ လောင်းချသလိုပဲ ကုန်တာပေါ့ရှင်” ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပါးချိတ်ရောင်ရောဂါမှာ ကူးစက်မြန်ပြီး အဖြစ်များရခြင်းမှာ ကလေး ကာကွယ်ဆေးထိုးရာတွင် ပါးချိတ်ရောင် ကာကွယ်ဆေး မပါဝင်ခဲ့၍ဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ပြောဆိုထားသည်။
ဝမ်းပျက်၊ ဝမ်းလျှောမှာမူ ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလတွင် အဖြစ်များလေ့ရှိကြောင်း ပြောဆိုသည်။