ထားဝယ်မြို့အတွင်းရှိ အဓိကလမ်းမကြီးတစ်လျှောက်တွင် တပေါင်းလပြည့်နေ့၌ သံဃာတော်များက လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။
မတ်လ ၁၃ရက် တပေါင်းလပြည့်နေ့ တပေါင်းပွဲတော်နေ့ ညနေ ၄ နာရီမှစ၍ ထား၀ယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းမှ နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်သည့်လမ်းကြောင်းအတိုင်း သံဃာတော်များ ပရိတ်ရွတ်ကာ စတင်ထွက်ခွာမည် ဖြစ်ကြောင်း အထက်ပါအသင်းတာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
“ဒါကတော့ ပထမအကြိမ်ပါ။ ကျွန်တော်တို့ မြို့ပေါ် အခြေစိုက် ပရဟိတအသင်းတွေ အရေးပေါ်လူနာတင်ယာဉ် အသင်းတွေလည်း ဝန်းရံပူးပေါင်းလိုက်ပါကြဖို့ ရှိတယ်။ ဆရာတော်တွေ စီးတဲ့ယာဉ်၊ ပရိတ်ရေ၊ အိုးတင်တဲ့ယာဉ်အပါ ဆိုရင် အားလုံး မော်တော်ယာဉ် အစီး ၂၀ လောက်ပါမယ်”ဟု ၎င်းက ပြောဆိုသည်။
မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဖော်ပွဲကို ထားဝယ်မြို့အခြေစိုက် ပရဟိတအသင်းများက ယခုနှစ်တွင် ပထမအကြိမ် ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့သည် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ အများပြည်သူအန္တရာယ်ဘေးရှင်း စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ရှင်းပြသည်။
ထို့ကြောင့် သံဃာတော်များ ပရိတ်ရွတ်ဖတ်ရာလမ်း တစ်လျှောက်တွင်လည်း မြို့သူမြို့သားများအနေဖြင့် ပန်း၊ ရေချမ်း၊ ဆီမီးများဖြင့် ပူဇော်ထားရှိနိုင်ကြောင်းလည်း နှိုးဆော်ထားသည်။
ထားဝယ်မြို့ရှိ ရွေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌လည်း တပေါင်းလပြည့်နေ့၌ ဘုရားဖူးလာ ပြည်သူများကို ဆေးဘက်ဝင် မဲဇလီရွက်ဟင်း ဒေသခေါ် မုဆီဝပ်ဟမ်း စတုဒိသာ ကျွေးမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။