သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုများရှိလာ၍ Civicus Monitor အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံသားလွတ်လပ်ခွင့် အစောင့်ကြည့်ခံနိုင်ငံများ စာရင်းထဲတွင် အမေရိကန်ပြည်ထောင်စုကိုလည်း ထည့်သွင်းလိုက်ပြီ ဖြစ်သည်။
နိုင်ငံသားလွတ်လပ်ခွင့်များ လျှင်လျှင်မြန်မြန် ကျဆင်းလာနေသည့် နိုင်ငံဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ယူဆသည့် နိုင်ငံများစာရင်းတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာခြင်း ဖြစ်သည်။
ဒီမိုကရေစီ စံတန်ဖိုးများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ထရမ့်အစိုးရ၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်နိုင်ငံကို ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု Civicus Monitor အဖွဲ့က ဆိုသည်။
တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ စာရင်းတွင် အမေရိကန်ပြည်ထောင်စုနှင့်အတူ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၊ အီတလီ ၊ ပါကစ္စတန်နှင့် ဆားဘီးယားတို့လည်း ပါဝင်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် မြန်မာနိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရဖူးသည်။ မကြာသေးမီနှစ်များအတွင်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည့် နိုင်ငံများမှာ ဇင်ဘာဘွေ ၊ အာဂျင်တီးနား ၊ အယ်လ်ဆာဗေဒို ၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဖြစ်သည်။
နိုင်ငံပေါင်း ၁၉၈ နိုင်ငံမှ နိုင်ငံသားလွတ်လပ်ခွင့် အပြောင်းအလဲများကို ခြေရာခံစောင့်ကြည့်ပြီး Civicus Monitor ၏ နိုင်ငံသားလွတ်လပ်ခွင့် အစောင့်ကြည့်ခံနိုင်ငံစာရင်းကို ပြုစုဖော်ပြလေ့ရှိသည်။ “ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ၊ အသင်းအပင်းဖွဲ့စည်းခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့လို လွတ်လပ်ခွင့်တွေအတွက် အခြေအနေပိုဆိုးရွားလာနေတယ်လို့ ကျွန်တော်တို့ စိုးရိမ်ရတဲ့ နိုင်ငံတွေအပေါ်မှာ အာရုံစိုက်ပါတယ်” ဟု ယင်းအဖွဲ့၏ ပူးတွဲအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mandeep Tiwana က ပြောသည်။
အဆိုပါ စာရင်းတွင် အမေရိကန်ပြည်ထောင်စုကို ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာချက်တွင် ထရမ့်အစိုးရ၏ မကြာသေးမီက လုပ်ဆောင်ချက်များကို ဖော်ပြခဲ့သည်။
ဖက်ဒရယ်အစိုးရဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်မှု ၊ ထရမ့်ကို သစ္စာခံသူများအား အရေးပါသည့် အစိုးရရာထူးများတွင် ခန့်အပ်နေရာပေးမှု ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကဲ့သို့သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှ နုတ်ထွက်မှု ၊ ဖက်ဒရယ်အစိုးရအသုံးစရိတ်နှင့် နိုင်ငံခြားအကူအညီငွေများကို ဖြတ်တောက်မှု ၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းရန် ကြိုးစားမှု စသည်တို့ကဲ့သို့သော ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် ယင်းသို့ ထည့်သွင်းဖော်ပြခံရခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။
Source: The Guardian