မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ကလော့သော့ကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းနှင့် ကော့မီထော်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၅နှစ်အရွယ် မောင်ကလန်တို့သည် မတ်လ ၁၀ ရက် နံနက် ၁ နာရီနှင့် ၂ နာရီကြားတွင် ကလော့သော့ကျေးရွာ ရပ်ကွက် (၄) ဘောလုံးကွင်းအနီးတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများက ဆိုသည်။
လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယင်းနေ့ နံနက်ပိုင်းတွင် လမ်းသွားလမ်းလာတို့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါလူငယ်နှစ်ဦးတွင် ဦးခေါင်း၊ နောက်ကျောနှင့် လက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။
ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် ဒေသတွင်း ဆိုင်ကယ်ခိုးမှု၊ လုယက်မှုတို့ကိုကျုးလွန်နေသည်ဆိုကြီး စစ်ကောင်စီနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ထံ တိုင်ကြားထားမှုများ ရှိနေ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်နှင့် ကျေးရွာပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“သူတို့ကို ဘယ်သူက ပစ်သတ်သွားလဲဆိုတာတော့ ဘယ်သူမှလည်း အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီလူငယ် တွေက ရွာမှာဆို ခိုးတယ်၊ လုယက်တယ်၊ ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့အတွက် တိုင်ကြားထားတာလည်းရှိတယ်။ နောက် အချိန်ကလည်း ညအချိန်မတော်ဆိုတော့ ဒီလုံခြုံရေးအဖွဲ့ကပဲ ပစ်လိုက်တယ်လို့တော့ အများစုက ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လူငယ်နှစ်ဦး ပစ်သတ်ခံရသည့်နေရာသို့ နံနက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့တို့က လာရောက်စစ်ဆေးခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့က ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ကလော့သော့ကျေးရွာသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။