BREAKING
March 12, 2025

ဒူတာတေးကို ICC ဖမ်းဝရမ်းဖြင့်ဖမ်းဆီး

March 11, 2025

သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းအရ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ယနေ့ အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။

ဟောင်ကောင်မှ ပြန်လာသည့် ဒူတာတေးအား မနီလာလေဆိပ်တွင် ဖမ်းဆီးပြီး အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဒူတာတေးကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) မှတစ်ဆင့် ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ယင်းသို့ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သူ ရောက်လာတဲ့အချိန်မှာ အစိုးရရှေ့နေချုပ်က သူ့လက်ထဲကို လူသားထုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်မှုနဲ့ ICC က ထုတ်လိုက်တဲ့ ဖမ်းဝရမ်း ထည့်ပေးလိုက်တယ်”ဟု ဖိလစ်ပိုင်အစိုးရက ဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းဖက်ဆောင်ရွက်ခဲ့မှုများကြောင့် သမ္မတဟောင်း ဒူတာတေးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်လျှင် ကူညီပေးရန် အသင့်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက တနင်္ဂနွေနေ့ကမှ အသိပေးထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ၎င်းအာဏာရနေစဉ်ကာလက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းဖက်နှိမ်နှင်းဆောင်ရွက်ခဲ့မှုများကြောင့် လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် သံသယရှိ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရာ ကလေးသူငယ်များလည်း အပါအဝင် ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံရသည့် သံသယရှိ လူများအား တရားရုံးတွင် ခုခံချေပခွင့် မပေးခဲ့ပေ။

ဒူတာတေး အာဏာရစဉ်ကာလက မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးအမှုနှင့် သံသယရှိ လူပေါင်း အနည်းဆုံး ၆၂၀၀ ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အမှန်တကယ် ကွပ်မျက်ခံခဲ့ရသည့် ပမာဏမှာ ၂၀,၀၀၀ ထက်ပင် ကျော်နိုင်ခြေ ရှိသည်ဟု လူ့အခွင်အရေးအဖွဲ့များက ဆိုသည်။

ဒူတာတေးအား ဖမ်းဆီးလိုက်ခြင်းမှာ ဖိလစ်ပိုင်နိုင်ငံတွင် တရားမျှတမှု ရရှိရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်လှမ်း ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သည်။

Source: Al Jazeera ၊ Benar News