ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သဖြင့် ကလေးတစ်ဦးနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၀ ရက် ညနေ ၃နာရီ ၄၇မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဗုံးတစ်လုံး သည် ခဲချောင်ကျေးရွာရှိ ကျန်းမာရေး ဆေးပေးခန်း အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဗုံးကျရောက်ပေါက်ကွဲသည့် အနီးအနားရှိ နေအိမ်တွင် ရှိနေသည့် အသက် ၇ နှစ် ဝန်းကျင်အရွယ် မိန်းကလေးငယ်၏ ပေါင်နှစ်ဖက်တွင် ကျည်စထိမှန်ဒဏ်ရာရသွားသလို ၎င်း၏ ဖခင်တွင်လည်း ဒဏ်ရာရသွားကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။
“ဘယ်သူမှ မထင်မှတ်တဲ့အချိန်မှာ လာပစ်တာဆိုတော့ အားလုံးကြောက်လန့်ပြီး ပြေးပုန်းကြတာပေါ့။ ဗုံးနှစ်လုံးချပြီးတဲ့အပြင် သေနတ်သံတွေကလည်း ဆက်တိုက်ထွက်လာသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ် ဗုံးကြဲခဲ့သည့် မနိုးရုံးကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ လနှင့်ချီကြာနေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့ အခုလို လာကြဲတာက စစ်ကြေညာတာလား သတိလာပေးတာလား တစ်ခုခုတော့ တစ်ခုခုပဲ။ ပြည်သူတွေ ကြိုပြင်ဆင်ထားဖို့တော့ လိုအပ်နေပြီ” ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်ဝန်းကျင်ကမူ မနိုးရုံးကျေးရွာရှိရာ မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းတွင် စစ်ရေးတင်းမာပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် တော်လှန်ရေးတပ်များက လမ်းဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ဖူးသည်။