BREAKING
March 11, 2025

USAID အစီအစဉ် ၈၃ ရာခိုင်နှုန်း ဖျက်သိမ်း

March 11, 2025

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ အကူအညီပေးရေး အစီအစဉ်များကို ထရမ့်အစိုးရက သီတင်းပတ် ၆ ပတ်တွင်း ရှင်းလင်းဖျက်သိမ်းနေမှုမှာ ပြီးစီးသွားခဲ့ပြီဖြစ်ပြီး ယင်းအစီအစဉ်အားလုံး၏ ၈၃ ရာခိုင်နှုန်း ဖျက်သိမ်းခံလိုက်ရကြောင်း သိရသည်။

ကျန်ရှိနေသေးသည့် USAID အကူအညီပေးရေး အစီအစဉ် ၁၈ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္လာနေ့တွင် X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့သည်။

အဆိုပါ အစီအစဉ်များ ရှင်းလင်းဖျက်သိမ်းမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ သမ္မတထရမ့် ခန့်အပ်ထားသည့် အရာရှိများနှင့် အီလွန်မတ် ဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖျက်သိမ်းခံလိုက်ရသော အစီအစဉ်များသည် အမေရိကန်ပြည်ထောင်စု၏ အဓိကအကျိုးစီးပွားများကို အထောက်အကူမပြုဘဲ ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေရခြင်းဖြစ်ပြီး အချို့မှာ အမေရိကန်ပြည်ထောင်စုကိုပင် ထိခိုက်စေသေးသည်ဟု မာကိုရူဘီယိုက ဆိုသည်။ USAID အစီအစဉ်ပေါင်း ၆၂၀၀ အနက်မှ ၅၂၀၀ ကို ပိတ်သိမ်းဖြတ်တောက်လိုက်ပြီဟု ၎င်းက ဆိုသည်။

ယင်းနောက် နာရီပိုင်းအကြာတွင် အဆိုပါ USAID အစီအစဉ်များ ဖြတ်တောက်မှုသည် သမ္မတထရမ့်က ၎င်း၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ဖက်ဒရယ်တရားသူကြီး Amir H. Ali က ဆုံးဖြတ်ခဲ့သည်။ နိုင်ငံခြားအကူအညီပေးရေးအတွက် ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးထားသည့် ဒေါ်လာဘီလီယံပေါင်းများစွာကို ထရမ့်အစိုးရက ထိန်းသိမ်းထားခွင့်မရှိကြောင်း ယင်းတရားသူကြီးက ဆိုသည်။ သို့သော်ထရမ့်အစိုးရက ဖျက်သိမ်းလိုက်သည့် အဆိုပါ USAID အစီအစဉ်များကို ပြန်လည်စတင်ရန် ယင်းတရားသူကြီးက အမိန့်မချခဲ့ပေ။

“ကျွန်တော်တို့ မြင်နေရတဲ့ ပုံစံတူဖြစ်ရပ်တွေအရ ထရမ့်အစိုးရဟာ ဒီမိုကရေစီအစီအစဉ်တွေကို မထောက်ပံ့ပေးဘူး။ သူတို့က အရပ်ဘက်အဖွဲ့အစည်းတွေကို မထောက်ပံ့ပေးဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGO)တွေကို မထောက်ပံ့ပေးဘူး။ ကျန်းမာရေးနဲ့ အရေးပေါ်အကူအညီ အစီအစဉ်တွေကိုလည်း မထောက်ပံ့ပေးဘူး” ဟု သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက်ထက်က USAID ၏ အကြီးအကဲဖြစ်သူ Andrew Natsios က ဆိုသည်။

ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့် အခြားပုဂ္ဂိုလ်များကလည်း ကွန်ဂရက်လွှတ်တော်က အတည်ပြုထားသည့် အဆိုပါ အကူအညီပေးရေးအစီအစဉ်များကို ပိတ်သိမ်းဖြတ်တောက်မှုမှာ ဥပဒေနှင့် မညီကြောင်း ၊ ယင်းသို့ ပိတ်သိမ်းရန် ဆုံးဖြတ်ချက်များမှာ ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်ကို ရရှိဖို့လိုကြောင်း ဝေဖန်လျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီပေးရေးငွေများကို ဆိုင်းငံ့လိုက်ကာ USAID နှင့် ဖွံ့ဖြိုးရေးအစီအစဉ်များအားလုံးကို ပြန်သုံးသပ်စစ်ဆေးရန် သမ္မတအမိန့် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအကူအညီပေးရေးအစီအစဉ် အများစုမှာ အပြုန်းအတီးများလှပြီး လစ်ဘရယ်လုပ်ငန်းစဉ်များကို အထောက်အပံ့ပြုနေသည်ဟု သမ္မတထရမ့်က ဆိုသည်။

Source: Associated Press