စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရန်အတွက် ၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားသည့် နယ်မြေအချို့ကို ယူကရိန်းဘက်က စွန့်လွှတ်ရဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္လာနေ့က ပြောဆိုလိုက်သည်။
ယူကရိန်းစစ် အဆုံးသတ်ရေး ယူကရိန်းဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ဆော်ဒီအာရေဗျနိုင်ငံသို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာစဉ် မာကိုရူဘီယိုက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇလန်းစကီးတို့ အိမ်ဖြူတော်တွင် အချင်းများခဲ့ကြပြီးနောက် ဆယ်ရက်အကြာတွင် မာကိုရူဘီယို၏ ဆော်ဒီအာရေဗျခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အိမ်ဖြူတော်တွင် သမ္မတနှစ်ဦး အချင်းများခဲ့ကြပြီးနောက်တွင် အမေရိကန်က ယူကရိန်းသို့ စစ်ရေးအထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းလိုက်သည်။
“စစ်ပွဲကို အဆုံးသတ်ဖို့ ဒါမှမဟုတ် အနည်းဆုံးအနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းထားဖို့အတွက်ဆိုရင် ကျွန်တော်တို့ ရရှိဖို့ လိုအပ်တဲ့ အရေးကြီးဆုံးအရာက ယူကရိန်းအနေနဲ့ ရုရှားလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ အသင့်ဖြစ်ပြီဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သဘောတူညီချက်ပဲ” ဟု မာကိုရူဘီယိုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ယူကရိန်းစစ် အဆုံးသတ်ရေးနှင့် ဆက်စပ်ပြီး ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် သဘောတူညီချက်နှင့် ပတ်သက်၍ မာကိုရူဘီယိုက အသေးစိတ်ပြောကြားခြင်း မရှိခဲ့ပေ။
ငြိမ်းချမ်းရေးဆွေးနွေးမှု အလုပ်ဖြစ်ရန်အတွက် ဘက်နှစ်ဘက်စလုံးက လိုက်လျောအလျှော့ပေးမှု ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
“ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို မသိမ်းပိုက်နိုင်သလို ၊ တချိန်တည်းမှာပဲ ၂၀၁၄ က အခြေအနေအတိုင်းပြန်ဖြစ်အောင် ရုရှားကို ပြန်တိုက်ထုတ်နိုင်ဖို့ဆိုတာက ယူကရိန်းအတွက် အင်မတန် ခက်ခဲလိမ့်မယ်”ဟု ၎င်းက ပြောသည်။
ရုရှားနှင့် နောက်ထပ်ဆွေးနွေးမှုများတွင် ရုရှားက မည်သည်ကို စွန့်လွှတ်ရန် ဆန္ဒရှိနေသနည်းဆိုသည့်အပေါ် ဦးတည်အာရုံစိုက်ရမည်ဟု ၎င်းက ဆိုသည်။
အမေရိကန်က ယူကရိန်းသို့ ထောက်လှမ်းရေးသတင်းအချက်အလက်များ ပေးနေသည်ကို ရပ်ဆိုင်းလိုက်သော်လည်း ရုရှားရန်မှ ကာကွယ်နိုင်ရေးအတွက် အရေးကြီးသတင်းအချက်အလက်များကို ပေးပို့နေဆဲ ဖြစ်သည်ဟု မာကိုရူဘီယိုက ဆိုသည်။
အီလွန်မတ်၏ SpaceX ကုမ္ပဏီက ပိုင်ဆိုင်သည့် Starlink ဂြိုဟ်တုအင်တာနက်ကို ယူကရိန်းတွင် ဖြတ်တောက်သွားမည့် အစီအစဉ် လုံးဝမရှိခဲ့ဟုလည်း ၎င်းက ပြောသည်။ အမေရိကန်က ရုရှားကို လက်နက်များ ပေးအပ်သွားမည် မဟုတ်ကြောင်းလည်း ၎င်းက ကတိပေးသည်။
အမေရိကန်က ယူကရိန်းအပေါ် ဖိအားပေးနေသလို ရုရှားကိုလည်း ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးထားသည်။ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရုရှားကို ဖိအားပေးနိုင်သည့် နည်းလမ်းများ ရှိနေဆဲဖြစ်ကြောင်း အမေရိကန်ဘက်က ပြသလိုသည်ဟု မာကိုရူဘီယိုက ပြောသည်။
အင်္ဂနေ့ဆွေးနွေးမှုတွင် အမေရိကန်က ယူကရိန်းသို့ စစ်ရေးအထောက်အပံ့ပေးအပ်မှု ပြန်လည်စတင်ရေးကိစ္စ ဆွေးနွေးသွားဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။
ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တကယ်လိုလားကြောင်း ယုံကြည်ရပါက ယူကရိန်းစစ်ပွဲအပေါ် အမေရိကန်၏ ရပ်တည်ချက်ကို ပြောင်းလဲသွားဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေး မာကိုရူဘီယိုက ဆိုသည်။
Source: The New York Times