BREAKING
January 24, 2025

ဘန်ကောက်အနီးတွင် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦး ခြောက်ထပ်အဆောင်မှ ပြုတ်ကျသေဆုံး

March 11, 2024

ပုံစာ - မြန်မာတက္ကသိုလ်ကျောင်းသားလာရောက်လည်ပတ်ခဲ့သည့်အခန်း။ ဓာတ်ပုံ - Khaosod Online

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းတက်နေသော မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦးသည် ရန်စစ်တက္ကသိုလ်အနီးရှိ ခြောက်ထပ်မြင့် အဆောင်မှ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၂၆နှစ်အရွယ် အဆိုပါကျောင်းသားသည် မတ်လ ၉ ရက်နေ့ နံနက် ၁၂ နာရီခွဲတွင် ကားပါကင်သို့ ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

၎င်းသည် ဘန်ကောက်မြို့ လတ်ကရဘန်နယ်မြေရှိ King Mongkut’s Institute of Technology တွင် တက်ရောက် နေသူဖြစ်ပြီး အခင်းဖြစ်သောနေ့က သူငယ်ချင်းဖြစ်သူ၏ အခန်းနံပါတ်သို့ လာရောက်လည်ပတ်ခဲ့သည်။

အခန်းထဲတွင် သူငယ်ချင်း ၁၁ ဦးနှင့်အတူ သောက်စားနေစဉ် အဆိုပါကျောင်းသားမှာ အပြင်လသာဆောင်သို့ ရုတ်တရက် ထထွက်သွားပြီး ခုန်ချခဲ့ကြောင်း သူငယ်ချင်းတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။

အားလုံးသည် အရက်အနည်းငယ် သောက်ထားကြပြီး ယခုဖြစ်ရပ်ကြောင့် ရုတ်တရက် ရှောခ့်ရသွားကာ နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ကျန်သူငယ်ချင်းများက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားပြီး နောက်ပိုင်း မြန်မာပြည်ပြန်ပို့ပေးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အခင်းဖြစ်ချိန်တွင် အတူတူရှိခဲ့သော သူငယ်ချင်းများကို ဆက်လက်မေးမြန်းစစ်ဆေးသွားမည်ဖြစ်ပြီး အမှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

ပြီးခဲ့သောနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် တက္ကသိုလ်တက်နေသော မြန်မာကျောင်းသားတစ်ဦးသည်လည်း ငါးထပ်အဆောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သေးသည်။