ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် စစ်ကောင်စီက ယခုရက်သတ္တပတ်အတွင်း အင်အားအများအပြားဖြင့် တပ်ဖြန့်လှုပ်ရှားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကျေးရွာအုပ်စုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် တည်ရှိ နေသည့် ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဖေဖော်ဝါရီလ ၁၀ရက်တွင် ကံပေါက်နှင့် ဇာဒီကို ဆက်သွယ်ထားသည့် လမ်းဟောင်းရှိ ပယရွာ အနောက်ဘက် တောင်ကြောတွင် စစ်ကောင်စီ အင်အား နှစ်ရာခန့် တောနင်းရှာဖွေခဲ့ကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်တွင်မူ ပယရွာရှားကုန်းမှ စစ်ကောင်စီတပ်သားများ ဇာဒီရွာဘက်သို့ ဆင်းသွားပြီး ဇာဒီရွာ၊ သစ်လှတောရပ်ကွက်အထိရောက်ရှိပြီးနောက် ရွာအတွင်းသို့ ဝင်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောသည်။
“အခုထိတော့ ဘာမှ မဖြစ်သေးဘူး။ စစ်သားတွေ ဆင်းလာတော့ တိုက်ပွဲ ဖြစ်မှာစိုးလို့ ကြောက်ပြီး ရွာထဲ နည်းနည်းပါးပါး ရှိတဲ့သူတွေလည်း မရှိကြတော့ဘူး။ အကုန်ရှောင်သွားကြပြီ” ဟု ဇာဒီရွာက စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
ဇာဒီချောင်းဝတွင်လည်း ရေတပ်သင်္ဘောရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၀ ရက်က ငါးဖမ်းလှေသုံးစီးကို သင်္ဘောအနီး ဖမ်းခေါ်ထားကြောင်း ကျောက်ထရံရွာသားများက ဆိုသည်။
“လှေသုံးစီးပေါ်ပါတဲ့သူတွေက ဒီရွာက လှေသားတွေလား၊ အခြားဘက်က လှေသားတွေလားကတော့ မသိသေးဘူး။ သင်္ဘောအနားနီးနီး ဘယ်သူမှသွား မကြည့်ရဲကြသေးလို့ မသိရသေးဘူး။ ရေနက်ဆိပ်ကမ်းဘက်မှာလည်း အဲဒီလိုပဲ ကမ်းကပ်ထားတုန်း ခေါ်ခေါ်ထားပြီး သင်္ဘောပြန်ထွက်မှ ပြန်လွှတ်ပေးဖူးတာတွေရှိတယ်” ဟု ကျောက်ထရံရွာသား တစ်ဦးက ပြောသည်။
ဇာဒီရွာဘက်တွင် ယခုရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်ကောင်စီက မည့်သည် အကြောင်းအရင်းကြောင့် အင်အားအများအပြားဖြင့် တောနင်းရှာဖွေနေသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ် သက်ကယ်ကွက်ရွာမှ ကျောက်ရှပ်ရွာအထိ ရွာစဥ်တစ်လျှောက်တွင်လည်း ဖေဖော်ဝါရီလ ၈ရက်ကစ၍ စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကြောင်းထိုးသည့် ပုံစံမဟုတ်ဘဲ လမ်းကြောင်းရှိသဖြင့် လမ်းကင်းယူနေသည့် ပုံစံဖြစ်ပြီး ယနေ့အထိ တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။