ကုန်သွယ်လမ်းကြောင်းတွေကို ပြောင်းလဲပစ်ဖို့နဲ့ စီးပွားရေး မြှင့်တင်ဖို့ ထိုင်းအစိုးရက ကုန်းမြေတံတား စီမံကိန်းအပေါ် လောင်းကြေးကြီးကြီး ထပ်ထားပါတယ်။ ဒါပေမဲ့ ထိုင်းတောင်ပိုင်းက တံငါရွာတွေနဲ့ ဒူးရင်းခြံတွေအတွက် ‘ဘာတွေ ပေးဆပ်လိုက်ရမလဲ’ ဆိုတဲ့ မေးခွန်း ရှိပါတယ်။
ထိုင်းတောင်ပိုင်း ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ ရနောင်းဆီ လာရောက်သူတွေကို တစ်ဝက်တစ်ပျက် ရပ်ထားတဲ့ အထပ်မြင့်ဟိုတယ်တစ်ခုက ကြိုနေပါတယ်။ တောကြားတောင်ကြားက ခေတ်မီ အပျက်အစီးတစ်ခုလိုပါပဲ။
မအောင်မြင်ခဲ့တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ လက္ခဏာဖြစ်တဲ့ အဲဒီ အစွန့်ပစ်ခံ အဆောက်အအုံဟာ ဒီမြို့လေးကို ကနဦး တည်ထောင်ခဲ့သူ တရုတ် သတ္တုတွင်းလုပ်သားတစ်ဦးရဲ့ ရုပ်တုကို စီးမိုး တည်ရှိပါတယ်။
အိမ်နီးချင်း မြန်မာပိုင်နက်ထဲက ကျွန်းတစ်ကျွန်းမှာ အဲဒီဟိုတယ်ပိုင်ရှင်ရဲ့ ကာစီနိုရုံ ၂၀၁၂ ခုနှစ်မှာ ပိတ်လိုက်ရပြီး ပိုင်ရှင်သူဌေးလည်း လူမွဲစာရင်း ခံယူလိုက်ရတဲ့နောက် ဟိုတယ် တည်ဆောက်ရေး တန်းလန်းရပ်သွားတဲ့အကြောင်း ဒေသခံတွေက ပြန်ပြောင်းပြောပြပါတယ်။
ဒီဖြစ်ရပ်က ရနောင်းမြို့လေးရဲ့ စီးပွားရေး ရုန်းကန်မှု သမိုင်းတစ်စိတ်တစ်ပိုင်းပါ။
ရနောင်းဟာ တချိန်က စည်ကားခဲ့တဲ့ ခဲမဖြူ သတ္တုတွင်းမြို့လေးပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက ကမ္ဘာမှာ ခဲမဖြူအစား အခြားကြမ်းသစ်တွေ ပြောင်းသုံးလာလို့ ရနောင်းရဲ့ မိုင်းတွင်းလုပ်ငန်း ပြိုလဲခဲ့ပါတယ်။
မိုင်းတွင်းတွေ ပျောက်သွားတဲ့နောက်မှာတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ဝင်ဖို့ အလားအလာရှိနေတဲ့ ဒီရေတောကြီးတွေကို အသုံးချပြီး စီးပွားရှာဖို့ ရနောင်းဟာ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းမှုမှာ အိမ်နီးချင်း ပြည်နယ်တွေကို ယှဉ်ပြိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဥရောပသမဂ္ဂ အီးယူက ၂၀၁၅ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုကို တန်ပြန်ဖို့ ထိုင်းအစိုးရက စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လိုက်တဲ့နောက် ရနောင်းရဲ့ ငါးဖမ်းလုပ်ငန်းလည်း ထိခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ ကုန်းမြေတံတား စီမံကိန်းမှာ အဓိက တံခါးပေါက်အဖြစ် ရွေးခံထားရတဲ့ ရနောင်းမြို့လေးရဲ့ ကံကြမ္မာဟာ သိပ်မကြာခင်မှာ ပြောင်းလဲလာဖို့ ရှိနေပါတယ်။
ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ နှစ်ခုမှာ ရေနက်ဆိပ်ကမ်းတွေ ဆောက်ပြီး ၈၇ ကီလိုမီတာ ရှည်လျားတဲ့ ကားလမ်း၊ ရထားလမ်းတွေနဲ့ ချိတ်ဆက်ကာ မလက္ကာ ရေလက်ကြားကို ရှောင်လွှဲဖို့ ရည်ရွယ်တဲ့ စီမံကိန်းပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဖိုးအခတော့ ရှိလာပါတယ်။
ဘတ် တစ်ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ) စီမံကိန်းဟာ ရနောင်းနဲ့ အခြားသူတွေအတွက် မေးခွန်းများစွာ ပေါ်လာပါတယ်။
ကုန်သွယ်မှုတွေ ရောက်လာတဲ့အခါ အပေးအယူက ဘာဖြစ်မလဲ။
![](https://www.daweiwatch.com/wp-content/uploads/2025/02/HaRDstories_EN_LandbridgeLORES-2-1024x819.jpg)
စူးအက်ပုံတူ – အကြံဟောင်းကို အသက်သွင်းခြင်း
စည်ကားပြည့်ကျပ်လာတဲ့ မလက္ကာရေလက်ကြားကို ရှောင်ဖို့ စိတ်ကူးဟာ အီဂျစ်ရဲ့ စူးအက်တူးမြောင်းလို တူးမြောင်းတစ်ခု ဖောက်ဖို့ ပထမဆုံး အဆိုပြုခဲ့တဲ့ ၁၇ ရာစုလောက်ကတည်းက စတင် ငြင်းခုံဆွေးနွေးလာခဲ့တာပါ။
ကုန်ကျစရိတ် ကြီးလွန်းတာနဲ့ နိုင်ငံကို နှစ်ပိုင်းပိုင်းလိုက်သလိုဖြစ်မှာ စိုးတာတွေကြောင့် တူးမြောင်းဖောက်ဖို့ စိတ်ကူးက လက်တွေ့ မဖြစ်ခဲ့ပါဘူး။
ရာစုနှစ်တစ်စု အကြာမှာတော့ တူးမြောင်းစိတ်ကူးက ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ၈၇ ကီလိုမီတာ ရှည်လျားတဲ့ ကားလမ်း၊ ရထားလမ်းတွေနဲ့ ချိတ်ဆက်မယ့် ကုန်းမြေတံတားအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
အမှားမှားအယွင်းယွင်းတွေနဲ့ စခဲ့တဲ့ စီမံကိန်းဟာ အခုတော့ အမှန်အကန် ဖြစ်လာဖို့ ရှိနေပါပြီ။
၂၀၃၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံဟာ ဝင်ငွေမြင့်မားတဲ့နိုင်ငံ ဖြစ်လာစေရေး အဓိကတွန်းအားပေးမယ့် တောင်ပိုင်း စီးပွားရေးစင်္ကြန် (SEC) နဲ့ အထူးစီးပွားရေးဇုန်အသစ်ရဲ့ ဗဟိုချက်မအဖြစ် ကုန်းမြေတံတား စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ ထိုင်းအစိုးရက ပြန်လည် အသက်သွင်းလာပါတယ်။
ဟောင်ကောင်ရဲ့ အစည်ကားဆုံး ဆိပ်ကမ်းနဲ့ ပုခုံးချင်းယှဉ်ဖို့ ရည်မှန်းထားတဲ့ အဲဒီ ကုန်းမြေတံတားဟာ တရုတ်ကနေ တောင်အာရှနဲ့ အခြားဒေသတွေဆီ ရေကြောင်းကုန်သွယ်မှု ကြာချိန်ကို လေးရက်လောက် အထိ လျှော့ချနိုင်မယ် တွက်ထားပါတယ်။
စားအုန်းဆီ၊ ငါးဖမ်းလုပ်ငန်းနဲ့ ဟာလာလ်အစားအစာတွေ အပါအဝင် တန်ဖိုးမြင့် စိုက်ပျိုးရေးတွေရဲ့ အချက်အချာအဖြစ် တောင်ပိုင်း စီးပွားရေးစင်္ကြန် (SEC) ကို မျှော်မှန်းထားပါတယ်။
အဲဒီဧရာမ စီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ ဂျီဒီပီကို ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး ဒေသတွင်းမှာ အလုပ်အကိုင်သစ် ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းကြောင့် အသွင်ပြောင်းသွားမယ့် လေးတွဲ့တွဲ့ ရနောင်းမြို့လေးမှာတော့ ပေးဆပ်လိုက်ရမယ့် အရင်းအနှီးနဲ့ ပြန်ရမယ့် အကျိုးကျေးဇူး ကာမိနိုင်ပါ့မလား အငြင်းပွားနေကြပါပြီ။
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_Ranong_27OCT2024-694-1024x683.jpg)
အသက်မွေးမှု ခြိမ်းခြောက်ခံနေရတဲ့ တံငါသည်တွေ
အသက် ၆၀ ကျော်အရွယ် မွတ်စလင်အမျိုးသမီး တံငါသည် သွမ်ဆင်ဆူဝမ်အတွက် ဒီကုန်းမြေတံတား စီမံကိန်းဟာ စိတ်ကူးနဲ့ လက်ခံစဉ်းစားကြည့်ဖို့တောင် လုံးလုံး မဖြစ်နိုင်တဲ့ အရာပါ။
သူက ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စီမံကိန်းနယ်မြေဆီ ရောက်လာတဲ့ အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်သူ ဆေထာ ထဝီဆင်ထံကို သူတို့ တံငါသည်တွေအတွက် စဉ်းစားပေးဖို့ ပုဂ္ဂိုလ်ရေး အသနားခံစာ တင်ခဲ့ပါတယ်။
သူ့ရဲ့ စိုးရိမ်မှု ဗဟိုချက်က အောင်အန်း ပင်လယ်ကွေ့ပါ။
ကြည်လင်တောက်ပနေတဲ့ အဲဒီပင်လယ်ကွေ့ ရေပြင်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို မြေဖို့ပြီး ၆၉၇၅ ယိုင် (၁၁၁၆ ဟက်တာ) အကျယ်ရှိတဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အသုံးပြုဖို့ ရှိနေပါတယ်။
အောင်အန်း ပင်လယ်ကွေ့ဟာ သွမ်နဲ့ အခြားသော ရာနဲ့ချီတဲ့ ရေလုပ်သားတွေအတွက် မြင်းခွာကဏန်း (ခေါ်) ဗီလားနဲ့ ငါးသဲထိုး (ခေါ်) ငါးပုလွေငါးတွေ နေ့စဉ်နေ့တိုင်း တစ်နိုင်တစ်ပိုင် ဖမ်းယူပြီး အသက်မွေးကြတဲ့ နေရာပါ။
“အထောက်အထားမဲ့ အများစုက တံငါလုပ်လုပ်ကြတယ်။ ပင်လယ်ထွက်ပြီး ငါးဖမ်းလို့မရရင် ဒါဟာ ကျွန်မတို့ကို အရှင်လတ်လတ် သတ်နေတာပဲ” လို့ သွမ်ဆင်ဆူဝမ်က ဖွင့်ဟပါတယ်။
ရနောင်းမှာ အထောက်အထားမဲ့ ငါးထောင်ကျော် ရှိပါတယ်။
သူတို့ဟာ ထိုင်းနဲ့ ယဉ်ကျေးမှုအရ အခိုင်အမာ ဆက်နွယ်နေသော်လည်း ထိုင်း-မြန်မာ နယ်စပ်မှာ မွေးခဲ့ကြတယ်ဆိုပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသူတွေပါ။
ပြည်နယ်ပြင်ပကို သွားလာခွင့် မရှိသလို တရားဝင် အလုပ်အကိုင်လည်း ရှာဖွေလုပ်ကိုင်ခွင့် မရကြလို့ ကုန်းမြေတံတား စီမံကိန်း အကောင်အထည်ဖော်ခဲ့ရင် သူတို့ဟာ သေချာပေါက် ထိခိုက် နစ်နာမယ့်သူတွေ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လုပ်ခဲ့တဲ့ လူထုကြားနာပွဲတွေမှာတော့ မစ္စသွမ်နဲ့ အခြားတံငါသည်တွေအတွက် ပင်လယ်ထွက် ငါးဖမ်းခွင့် မဆုံးရှုံးစေရဘူးလို့ စီမံကိန်း ဖော်ဆောင်မယ့်သူတွေက အာမခံခဲ့ပါတယ်။
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_Ranong_26OCT2024-528-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/LDU_FishMarket_TH-68-1024x683.jpg)
သို့သော်လည်း အဲဒီကတိစကားတွေက မစ္စသွမ်နဲ့ ဘဝတူ ရေလုပ်သားတွေရဲ့ စိုးရိမ်သောကကို မဖြေဖျောက်ပေးနိုင်ပါဘူး။
ရနောင်းမှာ စီးပွားဖြစ် ငါးရှာကြသူတွေကလည်း ဖန်ငပြည်နယ်ဆီ ကမ်းရိုးတန်းတလျှောက် သွားလာနေတဲ့ သူတို့ရဲ့ ပုံမှန်ရေလမ်းကြောင်းကို ကုန်းမြေတံတား စီမံကိန်းကြောင့် ထိခိုက်လာမှာ စိုးရိမ်နေပါတယ်။
“သင်္ဘောရေကြောင်းလမ်းတွေက ကျွန်တော်တို့ရဲ့ ငါးဖမ်းကွင်းတွေပေါ်မှာ ရောက်လာနိုင်ပြီး ဖြတ်သန်းသွားလာမှုတွေ အင်မတန် များလာမှာ” လို့ ရနောင်း ငါးလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆွမ်ဆက်ပ် ဂျစ်တာသွန်က ပြောပါတယ်။
“ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ဒီပင်လယ်ကွေ့ရဲ့ ကြမ်းပြင်လည်း ကပြောင်းကပြန်တွေဖြစ်ပြီး ဂေဟစနစ်ကိုလည်း ထိခိုက်နိုင်တယ်”။
ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့တဲ့ တံငါသည် အားလုံးကတော့ ဒီဧရာမ စီမံကိန်းကြောင့် ထိလွယ်ရှလွယ် ရှိလှတဲ့ အဏ္ဏဝါဂေဟစနစ်ကို ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်ပြောင်းလဲသွားမှာ စိုးရိမ်နေပါတယ်။
မစ္စသွမ်လို သက်ကြီးရွယ်အို တံငါသည်တွေအတွက်လည်း အခြား အသက်မွေးလုပ်ငန်း ပြောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ။
“ကျွန်မတို့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါပေမဲ့ အခြား ဖွံ့ဖြိုးတိုးတက်ရေးပုံစံများ ရှိမလားရှင်” လို့ မစ္စသွမ်က မေးခွန်းထုတ်ပါတယ်။
သို့သော်လည်း အချို့သော စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဒီကုန်းမြေတံတား စီမံကိန်းဟာ အားတင်းရုန်းကန်နေရတဲ့ ရနောင်းစီးပွားရေးအတွက် အသက်သွေးကြောသဖွယ် ဖြစ်နေပါတယ်။
စီမံကိန်းဟာ ဒေသတွင်း ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရထားသလို ရေကြည်ရာမြက်နုရာ ရှာဖို့ လူငယ်တွေ နေရပ်စွန့်ခွာနေကြတာကိုလည်း တားဆီးနိုင်မယ်လို့ ရနောင်း ကုန်သည်နဲ့ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဖွန်ဆက်ခ် ခေါင်တာဝန်းက ယုံကြည်ပါတယ်။
“ကျွန်တော်တို့ရဲ့ အားသာချက် ဖြစ်စေမှာက ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ဖို့ပါ” လို့ ဖွန်ဆက်ခ်က ဆိုပါတယ်။
“ထိုင်း-မြန်မာ သမရိုးကျ နယ်စပ်ကုန်သွယ်ရေးကနေ နိုင်ငံတကာအဆင့် တက်လှမ်းပြီးတော့ ကျွန်တော်တို့ ရှိပြီးသား ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို တန်ဖိုးမြှင့်ဖို့ ဒီစီမံကိန်းကတစ်ဆင့် ပေါ်လာမယ့် ရေခံမြေခံတွေကို သုံးရမယ်။ ဘာမှမလုပ်ရင်တော့ ရနောင်းဟာ လက်ရှိအတိုင်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။”
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_Chumphon_24OCT2024-134-1024x683.jpg)
မြေလှန်ခံရမှာစိုးတဲ့ ဒူးရင်းတောင်သူတွေ
ရနောင်းကနေ တစ်ဘက်ကမ်းကို ရောက်ဖို့ဆိုရင် ပထိုခရိုင်ထဲ လမ်းတကွေ့တကောက် ဖြတ်ရပါတယ်။
စိမ်းလန်းစိုပြေတဲ့ တမျှော်တခေါ် မြင်ကွင်းတွေဆီမှာ တန်ဖိုးကြီး ထွက်ကုန်တစ်ခု ရှိနေပါတယ်။ ဆူးတွေအပြည့်နဲ့ အပူပိုင်းဒေသပေါက် သစ်သီးတစ်မျိုးဖြစ်ပြီး အသီးတို့ရဲ့ဘုရင်လို့လည်း တင်စားခံရတဲ့ ဒူးရင်းသီးပါ။
ဒီအရပ်က တောင်သူတွေအတွက် ဒူးရင်းဟာ ရွှေလို အဖိုးတန်ပါတယ်။
သက်တမ်း ၂၀ ကျော်ရှိ အရွယ်ရောက် ဒူးရင်းတစ်ပင်ဟာ တစ်နှစ်ကို ဘတ်ငါးသောင်း (ဒေါ်လာ ၁၄၀၀) လောက် ရှာပေးနိုင်ပါတယ်။
“ဒူးရင်းခြံလုပ်ငန်းကနေ ငွေအများကြီး ရှာလို့ရတယ်။ တစ်ကိုယ်ရည်နဲ့ မိသားစုစာအတွက်တော့ ကောင်းကောင်းလောက်တာပေါ့” လို့ ၄၃ နှစ်အရွယ် ဆုမ်ချုပ် ဂျန်ဂျာတူးရန်က ပြောပါတယ်။
ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့မှာ ရှိလာမယ့် ရေနက်ဆိပ်ကမ်းနှစ်ခုကို ချိတ်ဆက်ဖို့ ဖောက်လုပ်မယ့် ခြောက်လမ်းသွား ကားလမ်းရဲ့ လမ်းကြောင်းပေါ်မှာ ဆုမ်ချုပ်ရဲ့ညီ ပိုင်တဲ့ အိမ်နဲ့ ဒူးရင်းခြံ ရှိနေပါတယ်။
စီမံကိန်း ဖော်ဆောင်မယ့်သူတွေက ထိခိုက်ပျက်စီးမယ့် ဒူးရင်းခြံရှင်တွေကို လျော်ကြေးပေးမယ်လို့ ဆိုသော်လည်း ဆုမ်ချုပ်လို ဒူးရင်းတောင်သူ အများအပြားအတွက် လျော်ကြေး ဘယ်လောက်ပေးပေး သူတို့ရဲ့ ‘စိမ်းလဲ့ရွှေ’ လို့ခေါ်တဲ့ ဒူးရင်းကို အစားမထိုးနိုင်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့မြေပေါ်မှာ စက်မှုဇုန်လာတည်မှာ မလိုလားဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ သဘာဝ အရင်းအမြစ်တွေကို အမြတ်ထုတ်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်မယ့်ဟာမျိုး ပိုမလိုလားဘူး” လို့ သူက ဆိုပါတယ်။
ခြောက်လှန့်နေတဲ့ ပြည်ပအပြိုင်အဆိုင်
ဆုမ်ချုပ်အတွက် ခေတ်သစ်နယ်ချဲ့တွေရဲ့ အန္တရာယ်က ထုနဲ့ထည်နဲ့ ခြောက်လှန့်နေပါတယ်။
ဒူးရင်း အဓိကထွက်တဲ့ သူ့မွေးရပ်မြေ ချွန်ဖွန်းမှာ တရုတ်ငွေရှင်တွေ အလုံးအရင်းနဲ့ ဝင်လာပြီး ဇူလိုင်-စက်တင်ဘာ ဒူးရင်းရာသီ ရောက်တဲ့အခါ နယ်ခံသစ်သီးဒိုင်တွေဆီက ရှိသမျှဒူးရင်းကို ပြည်ပပိို့ဖု့ ဂိုထောင်ပြတ် ဝယ်ကြတာ သူတွေ့ခဲ့ပြီးပါပြီ။
![](https://www.daweiwatch.com/wp-content/uploads/2025/02/HaRDstories_EN_Landbridge_ShippingRoad_CompressedLORES-1024x591-1.jpg)
ကုန်းမြေတံတား စီမံကိန်းဝင် တောင်ပိုင်း စီးပွားရေးစင်္ကြန် (SEC) ရဲ့ အထူးစက်မှုဇုန်မှာ ဥပဒေအကန့်အသတ်ကို ကင်းလွတ်ခွင့်ပြုပြီး နိုင်ငံခြားသားတွေ ၉၉ နှစ်အထိ နှစ်ရှည် ပိုင်ဆိုင်ခွင့် ပေးမယ်ဆိုတာကြောင့် ပြည်ပအပြိုင်အဆိုင်တွေရဲ့ ခြောက်လှန့်မှုအပေါ် စိုးရိမ်စိတ် ပိုလာစေပါတယ်။
ဘတ်ငွေ ၁ ထရီလီယံ ကုန်ကျမယ့် ဒီကုန်းမြေတံတား စီမံကိန်းမှာ ငွေကြေးထည့်ဝင် မြှုပ်နှံကြဖို့ တရုတ်၊ ဂျပန်၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေဆီက ရင်းနှီးမြှုပ်နှံသူတွေကို ထိုင်းအစိုးရက ဖိတ်ခေါ်ထားပါတယ်။
ဆုမ်ချုပ်နဲ့ ရနောင်းက အခြားသော ရေလုပ်သားတွေ ပူးပေါင်းပြီး ဘန်ကောက်မြို့တော်မှာရှိတဲ့ သံရုံးတွေဆီသွားကာ စီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို တင်ပြ ကန့်ကွက်ခဲ့ကြပါတယ်။
ကြီးမားလွန်းတဲ့ စီမံကိန်း အရွယ်အစားနဲ့ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်တွေ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဆုမ်ချုပ်နဲ့ သူ့အဖွဲ့သားတွေ စီမံကိန်းကို ဆန့်ကျင်ရာမှာ အလွန် အခက်တွေ့နေပါတယ်။
“ဒီကုန်းမြေတံတား စီမံကိန်းက ဆိပ်ကမ်းနဲ့ ကားလမ်းတွေ သက်သက်ပဲ မဟုတ်ဘူး။ စက်မှုလုပ်ငန်းတွေ ဟက်တာထောင်ချီပြီး ချဲ့ထွင်လာဖို့လည်း ရှိနေတာ” လို့ ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဂေဟစနစ်ဆိုင်ရာ အသိပညာပေးအဖွဲ့ (Center for Ecological Awareness Building) ရဲ့ ညွှန်ကြားရေးမှူး ဗန်တီတာယန်ဒီက ပြောပါတယ်။
“အစိုးရက သတင်းပလင်း မဆိုစလောက်ပဲ ပေးတော့ ဒေသခံလူထုက စီမံကိန်းကြီးတစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ သိရတယ်။ တကယ်တော့ ဒီစီမံကိန်းက ဧရာမကြီးပါ”။
ကုန်းမြေတံတားစီမံကိန်းကြီးကို ကြီးကြပ်စီမံရတဲ့ ပို့ဆောင်ရေး၊ ယာဉ်စည်းကမ်း မူဝါဒနဲ့ စီမံကိန်းရုံးကို ယခုဆောင်းပါးအတွက် နိုဝင်ဘာလမှာ ဆက်သွယ်တဲ့အခါက စီမံကိန်းဟာ နိုင်ငံတော်အဆင့်ဖြစ်လို့ သူတို့မှာ ပြောဆိုပိုင်ခွင့် မရှိဘူးဆိုပြီး မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းပန်းအဆောက်အဦတွေကို ရနောင်းနဲ့ ချွန်ဖွန်းမှာ အဓိက ဆောက်လုပ်မှာဖြစ်ပေမဲ့ တောင်ပိုင်း စီးပွားရေးစင်္ကြန် (SEC) ရဲ့ ပရဝုဏ်ထဲမှာ အခြား ထိုင်းပင်လယ်ကွေ့ ပြည်နယ်နှစ်ခုဖြစ်တဲ့ ဆူရတ်ဌာနီနဲ့ နာခွန်စီ သမ်မရတ်တို့လည်း ပါဝင်ပါတယ်။
စီမံကိန်းဆိုင်ရာ ဥပဒေဖွင့်ဆိုချက်မှာ အနာဂတ်တွင် စီမံကိန်းကို ချဲ့ထွင်ရာ၌ ‘တောင်ပိုင်းရှိ အခြားဒေသများလည်း ပါဝင်သည်’ လို့ ဆိုထားတဲ့အတွက် ထိုင်းတောင်ပိုင်း တစ်ခုလုံး အကျုံးဝင်နေတာ ဖြစ်ပါတယ်။
ရေနံနဲ့ ရေရှည်တည်တံ့ရေး ကတိစကားများ
ကုန်းမြေတံတား စီမံကိန်းရဲ့ အကျိုးသက်ရောက်နိုင်ခြေတွေကို ဒေသခံတွေ လုံးစေ့ပတ်စေ့ သိရှိ နားလည်စေဖို့ ဗန်တီတာနဲ့ ဂေဟစနစ်ဆိုင်ရာ အသိပညာပေးအဖွဲ့ (Center for Ecological Awareness Building) ဝိုင်းတော်သားတွေ ကြိုးပမ်းနေပါတယ်။
ထိုင်းအစိုးရက မစို့မပို့ ထုတ်ပြန်တဲ့ တောင်ပိုင်း စီးပွားရေးစင်္ကြန် (SEC) ဆိုင်ရာ သတင်းအချက်အလက် အပိုင်းအစတွေကို သူတို့တွေ စုစည်းချိတ်ဆက်နေတာပါ။
သူတို့ အတွေ့အကြုံအရ သက်ဆိုင်ရာက စီမံကိန်း အစိတ်အပိုင်းတစ်ခုစီအတွက် လုပ်ဖို့လိုတဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EHIA) နဲ့ လူထုကြားနာပွဲတွေ လုပ်တဲ့နေရာမှာ သေချာ ဂဃနဏ မလုပ်ခဲ့ပါဘူး။
ရေနက်ဆိပ်ကမ်းနှစ်ခုအတွက်လုပ်တဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EHIA) မှာဆိုရင် စီမံကိန်းပတ်လည် ငါးကီလိုမီတာအတွင်းမှာနေတဲ့ ဒေသခံအများစုဟာ စီမံကိန်းကို ထောက်ခံကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီစစ်တမ်းတွေဟာ စီမံကိန်းရဲ့ အမှန်တကယ် အကျိုးသက်ရောက်နိုင်ခြေတွေကို လျှော့တွက်ထားတယ်လို့ ဗန်တီတာက ယူဆပါတယ်။
လူထုအတွက် စိတ်သောက အဖြစ်ရဆုံးကတော့ အစိုးရရဲ့ စီမံကိန်းဆိုင်ရာ ရှင်းလင်း ကြားနာပွဲတွေမှာ ရေနံဓာတုပစ္စည်းနဲ့ ပတ်သက်တာတွေကို ထည့်မပြောဘဲ သိသိသာသာ ချန်လှပ်ထားမှုပါ။
တရားဝင် စာရွက်စာတမ်းတွေမှာ ကုန်တင်သင်္ဘောလုပ်ငန်းနဲ့ ဇီဝအခြေပြု စက်မှုလုပ်ငန်းတွေကို ဖော်ပြထားပေမဲ့ ရေနံလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကုန်းမြေတံတားစီမံကိန်းကြီးရဲ့ အခန်းကဏ္ဍကို လောက်လောက်လားလား ပြောမထားပါဘူး။
အစိုးရထုတ်ပြန်ချက် တစ်ခုအရ ကုန်းမြေတံတား စီမံကိန်းမှာ အရှေ့အလယ်ပိုင်းက ထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံက တစ်ဆင့် တရုတ်နဲ့ ဂျပန်ကို ပို့ဖို့ ပထိုအနီး ကားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းဆောက်ဖို့ ရှိပါတယ်။
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_DRONE_OCT2024-69-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/LandbridgeBKKProtest_4Mar2024-205-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_25OCT2024-136-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/Landbridge_Ranong_26OCT2024-264-1-1024x683.jpg)
ထိုင်းလွှတ်တော်ကော်မတီတစ်ခုရဲ့ လေ့လာချက်မှာ ကိုးကားဖော်ပြထားတဲ့ ချွန်ဖွန်းပြည်နယ် အရာရှိရဲ့ စကားအရ ရေနံပိုက်လိုင်းက ထိုင်းအတွက် နေ့စဉ် ဘတ် ၁၈ သန်း (ဒေါ်လာ ၅၂၀၀၀၀) လောက် ရှာပေးနိုင်မယ် ဆိုပါတယ်။
ဒါ့အပြင် ကာဗွန်ခရက်ဒစ် စည်းမျဉ်းသစ်ကို ပြည့်မီဖို့ ရုန်းကန်နေရတဲ့ ကုန်တင်သင်္ဘော လုပ်ငန်းရှင်တွေအတွက် ကုန်ကျစရိတ်နဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေလည်း လျော့ချပေးနိုင်မယ် ပြောပါတယ်။
(ကာဗွန်ခရက်ဒစ်ဟူသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဖန်တီးထားသည့် ယန္တရားဖြစ်ပြီး ဖန်လုံအိမ်အာနိသင် လျှော့ချရေး စျေးကွက်အခြေပြုနည်းလမ်းဖြစ်သည်။ ယေဘုယျအားဖြင့် ကာဗွန်ခရက်ဒစ်တစ်ခုသည် ကာဗွန်ဒိုင်အောက်ဆိုက် တစ်တန် (သို့မဟုတ်) ညီမျှသော အခြားဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏ ထုတ်လွှင့်ခွင့်ကို ကိုယ်စားပြုသည်။)
ကမ္ဘာလုံးဆိုင်ရာ ဖိအားတွေ တိုးလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ထေမိဖို့ နည်းလမ်းတွေ အမှန်တကယ် ရှာဖွေနေကြပါတယ်။
အဲဒီအခွင့်အရေးကို ထိုင်းက အမိအရယူပြီး ကုန်းမြေတံတား စီမံကိန်းနယ်မြေထဲမှာ ရှိတဲ့ ဒီရေတောတွေ အပါအဝင် ဒီရေတောထိန်းသိမ်းရေး အစီအစဉ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကာဗွန်ခရက်ဒစ်တွေ ထုတ်ပေးဖို့ ကမ်းလှမ်းထားပါတယ်။
ဗန်တီတာနဲ့ အလားတူ ဝေဖန်ထောက်ပြသူတွေကတော့ ဒါတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအပြ လိမ်ညာလှည့်ဖြားတဲ့ အစိုးရနဲ့ လုပ်ငန်းရှင်တွေရဲ့ ‘အစိမ်းရောင် ခဝါချမှု’ Greenwashing သာ ဖြစ်လို့ အယုံအကြည် မရှိကြောင်း ဆိုပါတယ်။
ပတ်ဝန်းကျင် ညစ်ညမ်းမှု စိုးရိမ်သံတွေကို လျှော့ချဖို့ အရှေ့ပိုင်းစီးပွားရေးစင်္ကြန် (EEC) မှာလို ရေနံချက်စက်ရုံတွေ ဒီကုန်းမြေတံတား စီမံကိန်းမှာ မပါဘူးလို့ စီမံကိန်းဖော်ဆောင်မယ့်သူတွေက လူထုကို အာမခံပါတယ်။
ဘန်တီတာနဲ့ အခြား သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးသမားတွေ ယုံကြည်တာက ဒီကုန်းမြေတံတား စီမံကိန်းဟာ ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ရာရဲ့ လမ်းဆုံလမ်းခွကို ရောက်နေတယ် ဆိုတာပါ။
ရေရှည်တည်တံ့တဲ့ မစ္စသွမ်ရဲ့ ငါးဖမ်းလုပ်ငန်းလို၊ ဆုမ်ချုပ်ရဲ့ ဒူးရင်းခြံလို ဒေသခံတွေရဲ့ အသက်မွေးမှုအပေါ် အခြေတည်လို့ရတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ တန်ဖိုးမြင့် စိုက်ပျိုးရေး လုပ်ငန်းကို သမရိုးကျ အကြီးစားစက်မှုလုပ်ငန်းတွေက ခြိမ်းခြောက်လာတဲ့ အန္တရာယ် ဖြစ်ပါတယ်။
စီမံကိန်း အကျိုးသက်ရောက်မှုတွေကို ၂၀၂၅ မှာ ဆန်းစစ်ပြီး တစ်ပြိုင်နက် တောင်ပိုင်းစီးပွားရေးစင်္ကြန် (SEC) အတွက် ဥပဒေအတည်ပြုနိုင်ဖို့ မှန်းထားတဲ့ ထိုင်းအစိုးရဟာ ရေနက်ဆိပ်ကမ်းနှစ်ခုနဲ့ ကားလမ်းအတွက် လာမယ့်နှစ်မှာ ပန္နက်ရိုက်နိုင်ဖို့ မျှော်လင့်နေပြီး ၂၀၃၀ မှာ ပြီးစီးဖို့ ရည်ရွယ်ထားပါတယ်။
“ကျွန်မတို့နိုင်ငံအတွက် ရွေးချယ်စရာလမ်းတွေ အများကြီးရှိတယ်” လို့ ဘန်တီတာက ဆိုရင်း စီမံကိန်းရဲ့ လားရာကို အခုလို မှတ်ချက်ပြုပါတယ်။
“အစိုးရက လာမယ့် ဆယ်စုနှစ်တွေမှာ ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ သမရိုးကျ စက်မှုလုပ်ငန်းတွေကိုပဲ အားစိုက်လုပ်ဖို့ ပိုင်းဖြတ်ထားပုံပါ။ ဒီအကျိုးစီးပွားတွေက ဒီနေ့ထိ ကျွန်မတို့ရဲ့ ခေါင်းဆောင်တွေအပေါ် လွှမ်းမိုးနေတုန်းပဲ။” ။
(ဖေဘီယန် ဒရာမွန်း တည်းဖြတ်သည်။ The Pulitzer Center က ဆောင်းပါးအတွက် ပံ့ပိုးပေးသည်။ ယခုဆောင်းပါးကို အင်္ဂလိပ်၊ ထိုင်းဘာသာ တို့ဖြင့် HaRDstories တွင် ပထမဆုံး ဖော်ပြခဲ့ပြီး Sarakadee Magazine တွင်လည်း ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။)