ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့ နေရာပြောင်းရွှေ့နေကြကြောင်း မြို့ခံအချို့က ပြောသည်။
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ အမြန်ဆုံးထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားအချို့သည် ဘုရားသုံးဆူမြို့ပြင်ရှိ DKBA က ဆောက်လုပ်ထားသည့် အဆောက်အအုံနေရာသို့ အဓိကပြောင်းရွှေ့နေကြောင်း မြို့ခံတို့က ဆိုသည်။
သို့သော် တရုတ်နိုင်ငံသားအများစုမှာ မြို့ပေါ်တွင် ကျန်နေသေးကြောင်း မြို့ခံတို့က ပြောဆိုသည်။
“စာထုတ်တဲ့နေ့ကတည်းက တရုတ်တချို့ကတော့ မြို့အပြင်ဘက် သူတို့ (DKBA) အဆောက်အအုံ ဆောက်ထားတဲ့ နေရာဘက်ပြောင်းရွှေ့သွားတာရှိတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ အနည်းအကျဉ်းပဲ၊ အများစုကတော့ ရှိနေသေးတယ်။ အဓိကကတော့ မြို့ပြင်ဘက် မြို့နယ်နမိတ်ကနေ ပြောင်းရွှေ့သွားတာ” ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။
တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်နေရာ ငါးခုကို ဖေဖော်ဝါရီလ ၅ ရက်တွင် လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ခဲ့သည်။
ယင်းနောက် တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့မှ ထွက်ခွာကြရန် သတိပေးထားပြီး တရုတ်နိုင်ငံသားများ တရားမဝင် ထပ်မံ ဝင်ရောက်မှု မရှိစေရန် ထိရောက်စွာ ပိတ်ပင်တားမြစ်သွားမည်ဟုလည်း DKBA က ထုတ်ပြန်လာသည်။
ယင်းပြင် ဘုရားသုံးဆူမြို့အတွင်းက တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လာရောက် အခြေချလုပ်ဆောင်နိုင်ခြင်း မရှိစေရန်၊ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး၊ လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံးပြန်လည်ရရှိစေရန် အစွမ်းကုန်ကြိုးပမ်းမည်ဟုလည်း DKBA က ဆိုသည်။
ဘုရားသုံးဆူမြို့ခံအချိုကမူ အဆိုပါလုပ်ငန်းများ ပပျောက်ရေးမှာ ဖြစ်နိုင်ခြေနည်းကြောင်း ပြောဆိုကြသည်။
“ဒီကျားဖြန့်လုပ်ငန်းက ပျောက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်က သူတို့ ပိုက်ဆံရနေတဲ့ အလုပ် ဖြစ်တယ်။ တရုတ်(နိုင်ငံသားတွေ) ချည်းပဲ ရနေတာမဟုတ်ဘူး။ DKBA ကို ခွဲဝေပေးရတာရှိတယ်။ DKBA ကလည်း သူတို့ ဒီအလုပ်ကို လုပ်နိုင်ဖို့ သူတို့ ရပ်တည်နိုင်ဖို့ကို စကစကို ခွဲဝေပေးရတာရှိတယ်။ ဆိုတော့ အခု စောင့်ကြည့်နေကြတာပေါ့။ သူတို့ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂၈ရက်နေ့ထိပေါ့လေ။ အဲဒီနေ့ထိ တရုတ်တွေက မြို့ကနေ အကုန်ထွက်သွား မှာလား၊ ကျန်နေဦးမလား စောင့်ကြည့်နေကြတာပေါ့” ဟု ဘုရားသုံးဆူမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
DKBA ကမူ သတ်မှတ်ရက်အတွင်း ဘုရားသုံးဆူမြို့မှ ထွက်ခွာခြင်းမရှိသည့် တရုတ်နိုင်ငံသားများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟုထုတ်ပြန်ထားသည်။
ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက DKBA ၏ အကူအညီဖြင့် မြဝတီဘက်မှ တရုတ်လူမျိုးထောင်နှင့်ချီ စတင် ဝင်ရောက်လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်း ထိုင်းနှင့် တရုတ်ဘက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ချေမှုန်းရန်အရှိန်မြှင့်လာပြီး နောက်ပိုင်းတွင် ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသား ရာနှင့်ချီ ထပ်မံရောက်ရှိလာကြောင်း မြို့ခံများထံမှသိရသည်။