တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာဝန်းကျင်တွင် ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ယနေ့အထိ တိုက်ပွဲ ရက်ရှည် ဖြစ်ပွားနေကြောင်း ကျေးရွာနေပြည်သူများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အင်အား ၂၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ရက်မှစကာ ဘန်လောရွာ၊ ငါးမိုင်၊ ခြောက်မိုင်ဘက်မှ ထုံမခါကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာစဉ် လမ်းတွင် ဇန်နဝါရီလ ၂၈ရက်က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၉ရက်တွင် ငါးမိုင်ကျေးရွာ၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ထုံမခါကျေးရွာတွင်လည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီလ ၁ရက်မှ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲအတွင်း သူတို့(စကစ)ဘက်က ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်းရှိတယ်။ အတိအကျကို အတည်ပြုလို့ မရသေးဘူး” ဟု အဆိုပါရဲဘော်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် ထုံမခါနှင့် သိန်ခွန်းကျေးရွာတို့ကို ဖေဖော်ဝါရီလ ၃ရက်မှ ၇ရက်အထိ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်သားများက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုံမခါကျေးရွာရှိ အရပ်သားနေအိမ် ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုက်ပွဲနှင့် စစ်ကြောင်းထိုးနေချိန်တွင် စစ်ကောင်စီတပ်က ထုံမခါရွာသားနှင့် မုတ်ဆိတ်ကွင်းရွာသား ခြောက်ဦးခန့်ကို ဖမ်းဆီးကာ လမ်းပြအဖြစ် စစ်ကြောင်းသွားရာလမ်းတစ်လျှောက်ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဖမ်းသွားပြီး လမ်းပြလုပ်ခိုင်းတယ်။ အသက်ကြီးတဲ့သူတွေလည်း ပါတယ်။ စစ်ကြောင်းနားရင် နားရတယ်။ ဆက်သွားမယ် ဆိုရင် သူတို့(စကစ)နဲ့အတူလိုက်ရတယ်။ အဖမ်းခံလိုက်ရတာ ၇ရက်လောက်ရှိတယ်” ဟုအဆိုပါ နီးစပ်သူက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ထုံမခါကျေးရွာနှင့် သဘောလိပ်ရွာတဝိုက်တွင် ဇန်နဝါရီလ ၆ရက် နေ့လယ်ပိုင်းမှ ဇန်နဝါရီလ ၁၀ရက်နေ့ ညနေပိုင်းအထိ ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း သဘောလိပ်ရွာနေ ဒေသခံအချို့ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ထုံမခါကျေးရွာနှင့် နှစ်မိုင်ဝန်းကျင်ဝေးသည့် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၆၁ တပ်ရင်းကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ညောင်ပင်ကွင်းရွာဒေသခံများထံမှ သိရသည်။