BREAKING
February 22, 2025

ကမ္ဘာ့အကျင့်ပျက် အခြစားဆုံးစာရင်းတွင် အင်ဒိုနီးရှားသမ္မတဟောင်းဂျိုကိုဝီ ဖော်ပြခံရ

February 11, 2025

ဂျိုကိုဝီဟု လူသိများသည့် အင်ဒိုနီးရှားသမ္မတဟောင်းဂျိုကိုဝီဒိုဒိုအား ၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ် ဆန်ခါတင်စာရင်းတွင် ထည့်သွင်းဖော်ပြလိုက်သည်။

ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပြခြစားမှု ဖော်ထုတ်ရေးစီမံချက်အဖွဲ့(OCCRP)က ကမ္ဘာအနှံ့မှ စာဖတ်သူများနှင့် ဂျာနယ်လစ်များ၏ အမြင်ယူဆချက်များကို အခြေခံပြီး ဆန်ခါတင်စာရင်းကို ရွေးချယ် ဖော်ပြခြင်းဖြစ်သည်။

ယင်းက အင်ဒိုနီးရှားနိုင်ငံရေး၏ အကျင့်ပျက်ခြစားမှုပြဿနာအပေါ် နိုင်ငံတကာမှ အာရုံစိုက်မှု ကြီးထွားလာနေသည်ကို ပြသနေသည်။

ဂျိုကိုဝီနှင့်အတူ ကင်ညာသမ္မတဝီလီယံရူတို ၊ နိုင်ဂျီးရီးယားသမ္မတဘိုလာအာမက်တင်နုဘူ ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ၊ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဂေါ်တမ်အဒါနီတို့လည်း ယင်းဆန်ခါတင်စာရင်းတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည်။

၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်ရွေးချယ်ဖော်ပြခံခဲ့ရသူမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် ဖြစ်သည်။

ဂျိုကိုဝီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။၎င်းသည် သိမ်မွေ့အေးဆေးပြီး ဖော်ရွေသူ ၊ ဟဲဗီးမက်တယ်ဂီတကို နှစ်သက်သူ ၊ လူထုအတွက် ရပ်တည်သူအဖြစ် အများမြင်ပုံရိပ်ကို တည်ဆောက်ခဲ့သည်။ နိုင်ငံရေးလောကတွင် မျက်နှာသစ်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသူ ဂျိုကိုဝီသည် မဲဆန္ဒရှင်များ ၊ ပြည်တွင်းပြည်ပမီဒီယာများ၏ ထောက်ခံမှုကိုပါ ရရှိခဲ့သည်။

ဂျိုကိုဝီ၏ ခေါင်းဆောင်မှုပုံသဏ္ဍာန်သည် လူပိန်းကြိုက်လမ်းစဉ်နှင့် အပေးအယူ နိုင်ငံရေးကို ရောစပ်ထားသည်။ အင်ဒိုနီးရှား၏ ဒုတိယမြောက်သမ္မတဖြစ်သူ ဆူဟာတိုလက်ထက် အာဏာရှင်အုပ်ချုပ်မှုကို ဂျိုကိုဝီက ပြည်သူလူထုကို သတိပေးခဲ့သည်။ ယင်းကြောင့် ဂျိုကိုဝီသည် သမ္မတအဖြစ် ဒုတိယအကြိမ် သက်တမ်းကိုပါ အနိုင်ရခဲ့သည်။

အာဏာရှင်ဆူဟာတိုလက်ထက် ၃၂ နှစ်ကြာ အုပ်ချုပ်မှုအောက်တွင် အင်ဒိုနီးရှား စီးပွားရေးတိုးတက်လာခဲ့သော်လည်း အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများအပြား ဖြစ်ပွားခဲ့သည်။

သမ္မတဂျိုကိုဝီလက်ထက်၌ ဘော်နီကျွန်းပေါ်တွင် အုပ်ချုပ်ရေးမြို့သစ်တစ်မြို့ တည်ဆောက်ရန် စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ဂျိုကိုဝီသည် ၎င်း၏ မိသားစုဝင်နှင့် ဆွေမျိုးသားချင်းများအတွက် အရေးပါသည့် အစိုးရရာထူးများ ရရှိစေရန် ဥပဒေကို လိုသလို ပြောင်းလဲပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့သည်။

ယင်းကြောင့် ဂျိုကိုဝီသည် အင်ဒိုနီးရှားတွင် နိုင်ငံရေးနန်းဆက်သစ်တစ်ခု ဖန်တီးနေသည်ဟု ထိပ်တန်းနိုင်ငံရေးသုံးသပ်သူများက ဝေဖန်ကြသည်။ ယင်းတို့ကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးကောလဟာလများဟု ဂျိုကိုဝီက ပယ်ချခဲ့သည်။

ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပြခြစားမှုဖော်ထုတ်ရေးစီမံချက်အဖွဲ့(OCCRP) သည် စုံစမ်းထောက်လှမ်း သတင်းရေးသားသည့် ဂျာနယ်လစ်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခု ဖြစ်သည်။

Source : Global Voices