ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းနံပါတ်ဖြင့်သာ သုံးစွဲရမည်ဖြစ်ပြီး ဖုန်းဆင်းကတ် မှတ်ပုံတင်ထားသည့် အမည်နှင့် ဘဏ်အကောင့်အမည် မတူညီလျှင် သတ်မှတ်ရက်အတွင်း အချက်အလက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အကယ်၍ မှတ်ပုံတင်ထားသော အမည်ပေါက်ဖုန်းနံပါတ်နှင့် ဘဏ်အကောင့်အမည်များ တူညီရန် မပြင်ဆင်ပါက ယာယီဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ထိန်းချုပ်နိုင်ရန် မိုဘိုင်းဖုန်းများကို စစ်ဆေးပြီးနောက် ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ထိုင်းဘဏ်အသီးသီးက သုံးစွဲသူများထံ အမည်ပေါက်ဖုန်းနံပါတ်များဖြင့်သာ သုံးစွဲကြရန် အသိပေးနေခြင်းဖြစ်သည်။
အမည်ပေါက်ဖုန်းနံပါတ်ဆိုသည်မှာ ဥပမာအားဖြင့် 7-Eleven တွင် ဆင်းကတ်ဝယ်စဉ် မှတ်ပုံတင်ပေးထားသော မိမိ၏နိုင်ငံကူးလက်မှတ် သို့မဟုတ် ပန်းရောင်ကတ်ပါ အမည်ပေါက်အတိုင်းကို ဆိုလိုခြင်းဖြစ်သည်။
ယင်းအမည်ပေါက်ဆင်းကတ်ဖြင့် ဘဏ်အကောင့် ဖွင့်ထားပြီး ဘဏ်အကောင့်ထဲက အမည်နှင့် တူညီလျှင် Mobile Banking ကို ပြင်ဆင်စရာမလိုဘဲ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
အမည်ပေါက်ဆင်းကတ်မဟုတ်ဘဲ အခြားဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့်ထားသူများသည် ဘဏ်အကောင့်ထဲက အမည်နှင့် ဖုန်းဆင်းကတ်ပါအမည် ကိုက်ညီမှုမရှိကြသည်ကို ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းသို့ ကိုက်ညီမှုမရှိသူများသည် သက်ဆိုင်ရာ ဘဏ်က ထုတ်ပြန်ထားသော သတ်မှတ်ရက်များအတွင်း အမည်ပေါက် ဆင်းကတ်များဖြင့် ပြောင်းလဲပြင်ဆင်ရန် လိုအပ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Krungsri (ဘဏ်ဝါ) ၊ Bangkok Bank (ဘန်ကောက်ဘဏ်)၊ Kasikorn (ကယ်စီကွန်) ဘဏ်နှင့် အခြားဘဏ်များက ယခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပြင်ဆင်ကြရန် သုံးစွဲသူများထံ အသိပေးထားသည်။
အချို့ဘဏ်များက အချက်အလက်ပြင်ဆင်ရန် လိုအပ်သူများကို စာတိုပေးပို့ အကြောင်းကြားထားပြီးဖြစ်သည်။
မြန်မာအလုပ်သမားအများစု သုံးစွဲနေသော Kasikorn (ကယ်စီကွန်) ဘဏ်ကမူ အမည်ပေါက်ဖုန်းနံပါတ်မဟုတ်ဘဲ အကောင့် ဖွင့်ထားသူများစာရင်းကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထုတ်ပြန်ချက်ထွက်လာပြီးပါက အချက်အလက်များကို ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပြီး အကောင့်များ ဆိုင်းငံ့ခံရမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။
Kasikorn (ကယ်စီကွန်) ဘဏ်၏ Mobile Banking များဖြစ်သော K Plus၊ K Plus SME၊ Line BK ၊ Make by KBank များအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် Mobile Banking သုံးစွဲသော ထိုင်းရောက် မြန်မာနိုင်ငံသားများသည် ပထမအဆင့် မိမိဖုန်းနံပါတ်သည် မိမိအမည်ပေါက် မှန်မမှန် ကနဦးစစ်ဆေးရမည်ဖြစ်သည်။
စစ်ဆေးမည့်နည်းလမ်းမှာ Dtac အတွက် *102# ၊ AIS (12call) အတွက် *161# ၊ True Move အတွက် *153# များကို ရိုက်နှိပ်ပြီး စစ်ဆေးနိုင်သည်။
စစ်ဆေးစဉ် ဆင်းကတ်နံပါတ်နောက်က ပေါ်လာမည့် ဂဏန်းလေးလုံးသည် မိမိအကောင့်ဖွင့်ထားသော ပတ်စ်ပို့ သို့မဟုတ် ပန်းရောင်ကတ်၏ နောက်ဆုံးလေးလုံးနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။
အကယ်၍ ကိုက်ညီပါက အမည်ပေါက် ဖုန်းနံပါတ်ဖြစ်ပြီး မကိုက်ညီခဲ့ပါက သက်ဆိုင်ရာဖုန်း App ထဲတွင်ဖြစ်စေ Call Centre များတွင်ဖြစ်စေ အမည်ပေါက်ဖုန်းနံပါတ်သို့ ပြောင်းလဲရမည်ဖြစ်သည်။
အမည်ပေါက်ဖုန်းနံပါတ်သို့ ပြောင်းလဲပြီးနောက် သက်ဆိုင်ရာ ဘဏ်များသို့ သွား၍ ဖုန်းနံပါတ်များကို အချက်အလက် ပြုပြင်ရန် သွားရောက်ရမည်ဖြစ်သည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံအတွင်း Mobile Banking အသုံးပြုသူ သန်း ၁၂၀ ကျော်ရှိပြီး ၎င်းတို့အနက် ၇၆ သန်း ခန့်သာ အမည်ပေါက်ဖုန်းကတ်နှင့် Mobile Banking ကိုက်ညီမှုရှိနေကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းတို့အနက် သန်း ၃၀ ကျော်က ကိုက်ညီမှုမရှိကြောင်းနှင့် ကျန် ၁၃ သန်းခွဲမှာ ဖုန်းကတ်ပိုင်ရှင်များ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
Ref: The Nation Thailand, Siamrath, Thai PBS