BREAKING
February 23, 2025

ကြာအင်းဆိပ်ကြီးရှိ အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့

February 11, 2025

ပုံစာ - ဇန်နဝါရီလ ၂၉ ရက်နေ့က အနန်းကွင်းကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့နေ ပုံ - နဂါးနီစစ်ကြောင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာက နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေသည်ဟု ဒေသခံနှင့် တော်လှန်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။

ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည့် အနန်းကွင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။

ယင်းနောက် ရွာထဲရှိ နေအိမ်များကို စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ နေအိမ်အလုံး ၅၀ ကျော် မီးလောင်ပျက်စီးသွားပြီဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“တစ်ရွာလုံး ထွက်ပြေးနေတာ တိုက်ပွဲဖြစ်ကတည်းကလေ ခုထိ မပြန်ရဲသေးဘူး။ လူမရှိတဲ့ ရွာမှာ အိမ်တွေကို လိုက်မီးရှို့တယ်။ နောက် လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့အိမ်တွေလည်း ရှိတယ်။ အခုက တမင်သက်သက် အိမ်တွေကို မီးလိုက်ရှို့နေတာ။ ရွာထဲကို ဘယ်သူမှလည်း မဝင်ရဲဘူး” ဟု ထွက်ပြေးနေရသည့် အနန်းကွင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

အနန်းကွင်းကျေးရွာအတွင်းရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က လိုက်လံမီးရှို့နေသည်ကို နဂါးနီစစ်ကြောင်းက မှတ်တမ်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်အသုံးပြုနေသည့်အပြင် လက်နက်ကြီး၊ ဒရုန်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ၊ အစရှိသည့် ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိသည့် အနန်းကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က မကြာခဏ မီးရှို့နေခြင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ် မီးလောင် ပျက်စီးသွားသည့်အခြေအနေ ရှိနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား စစ်ရေးပြင်းထန်သည့် ဒေသနှင့် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် နယ်မြေဒေသတို့တွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းတို့က အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။

Data for Myanmar က ထုတ်ပြန်သည့် အစီရင်ခံစာအရ ကရင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် စစ်အာဏာသိမ်း သုံးနှစ်တာကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဖော်ပြပါရှိသည်။