BREAKING
February 22, 2025

ဓားစာခံမလွှဲပေးလျှင် ‘ငရဲစခန်း ပွင့်စေရမယ်’ဟု ဟားမတ်စ်အဖွဲ့ကို ထရမ့် ခြိမ်းခြောက်

February 11, 2025

ဟားမတ်စ်အဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားဆဲ ဓားစာခံများကို ယခုအပတ် စနေနေ့ မွန်းတည့်ချိန်တွင် အစ္စရေးဘက်သို့ ပြန်မလွှဲပြောင်းပေးလျှင် အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်းပြီး ‘ငရဲစခန်း ပြန်ဖွင့်ရန်’ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို တိုက်တွန်းလိုက်သည်။

“ဓားစာခံအားလုံးကို စနေနေ့ မွန်းတည့် ၁၂ နာရီမှာ မလွှဲပေးဘူးဆိုရင် ကျွန်တော့်အမြင်မှာ အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်းဖို့ သင့်တော်တဲ့ အချိန်ပဲ။ အခြေအနေအားလုံးပြောင်းလဲသွားမယ်။ ငရဲစခန်း ပွင့်စေရမယ်” ဟု ၎င်းက ဆိုသည်။

ဓားစာခံများကို တစ်ယောက်စနှစ်ယောက်စ ပြန်လွှတ်တာမျိုး မဟုတ်ဘဲ အားလုံးတစ်ပြိုင်နက် ပြန်လွှတ်ပေးရမည်ဟု ထရမ့်က အခိုင်အမာပြောသည်။

ဟားမတ်စ်အဖွဲ့က ဂါဇာ၌ ၎င်းတို့ ထိန်းသိမ်းထားဆဲ အစ္စရေးဓားစာခံများကို စနေနေ့တွင် ပြန်လွှဲပြောင်းပေးရန် ကနဦး သဘောတူမှု ရထားခဲ့သည်။

တနင်္လာနေ့တွင် ဟားမတ်စ်အဖွဲ့က ဓါးစာခံလွှဲပြောင်းပေးရေးကို ရက်တိတိကျကျမပေးဘဲ ရွှေ့ဆိုင်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အစ္စရေးဘက်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု စွပ်စွဲကာ ယင်းသို့ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

အစ္စရေးအနေနှင့် ၎င်းပြောသည့်အတိုင်း မဖြစ်မနေ လိုက်လုပ်စရာမလိုဟု ထရမ့်က ပြောဆိုခဲ့ပြီး “ငရဲစခန်း ပွင့်စေရမယ်”ဟူသော ခြိမ်းခြောက်စကားနှင့် ပတ်သက်၍ ၎င်းက ယခုလို ရှင်းလင်းခဲ့သည်။

“ခင်ဗျားတို့သိလာမှာပါ။ သူတို့လည်းသိလာမှာပါ။ ကျွန်တော် ဘာကို ဆိုလိုလဲဆိုတာ ဟားမတ်စ်အဖွဲ့ သိလာမှာပါ”

ဟားမတ်စ်ထိန်းသိမ်းထားသည့် ဓါးစာခံအမြောက်အများမှာ သေဆုံးသွားပြီဟု ၎င်းအနေနှင့် သံသယရှိကြောင်း ထရမ့်က ဆိုသည်။

ဓားစာခံလွှဲပြောင်းရေး ရွှေ့ဆိုင်းမည်ဟု ဟားမတ်စ်အဖွဲ့၏ ခြိမ်းခြောက်မှုပေါ်ထွက်လာပြီးနောက် အစ္စရေးနိုင်ငံတွင် ဒေါသူပုန်ထ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

Source : CNN