မြိတ်မြို့ ၊ဇေယျာသီရီ ၂ ရပ်ကွက် ၊ အောင်သပြေလမ်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး ဂရုဏာနာရေးကူညီမှုအသင်းရုံးခန်းနှင့် ရုံးခန်းဘေးရှိနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း အသင်းတာဝန်ရှိသူနှင့် မြို့ခံများထံမှသိရသည်။
“ ရုံးခန်းနဲ့ လူနာတင်ယာဥ်လေးစီးမီးထဲပါသွားတယ်။ ဘေးကအိမ်တွေလည်း ၆ လုံးလောက်မီးလောင်တယ် ။ မီးဟပ်ခံရတဲ့အိမ်တွေလည်းရှိတယ်။ လူတော့မထိခိုက်ဘူး“ ဟု ကရုဏာအသင်းတာဝန်ရှိသူကပြောသည်။
ရုံးခန်းအတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါမီးလောင်မှုသည် မနက်၂နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၃နာရီ၃မိနစ်တွင်မီးထိန်းနိုင်ကာ ၃ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန ထံကသိရသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ် ၆ လုံးတွင် နေထိုင်သူ ၃၅ ဦးကို ဦးသွယ်ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထားပေးပြီး အကူအညီလိုအပ်နေကြောင်း ဇေယျာသီရီရပ်ကွက်နေ ပြည်သူများက ပြောသည်။
“ မီးလောင်တဲ့အိမ်ကခြောက်လုံးပဲ ဒါပေမဲ့ ပေါင်းနေကြတဲ့လူတွေရှိလို့ထင်တယ်။ အိမ်ထောင်စုက ၈ခု ကို ဦးသွယ်ဓမ္မာရုံမှာပြောင်းထားတယ်။ အဝတ်အစားတွေ ပိုက်ဆံတွေလာလှူပေးနေကြတာတော့ ရှိတယ် “ ဟု အလှူငွေသွားရောက်လှူဒါန်းခဲ့သည့် မြိတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
ယခုနှစ်ဆန်းပိုင်းကာလအတွင်း မြိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှု ၅ ခုအနက် ၃ခုသည် လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ကျန်မီးလောင်မှု ၂ ခု၏ အကြောင်းအရင်း ကိုမူမသိရပေ။