Princes in The Darkness 1990s
အခန်း(၁၃)
“နိုင်တီနိုင်းတီနိုင်း….ကိုကိုရေ အတူတူနေမယ်..နိုင်တီနိုင်းတီနိုင်း”
ထိုသီချင်းသံလွှမ်းမိုးသော ခုနှစ်တစ်ခုလုံး ဗေဒါက တော့ မည်သူနှင့်မှ အတူမနေရပါ။ လောရှည်ကြီးသာ သူနှင့် တတွဲတွဲ။
တရုတ်နှစ်ကူး ဗေဒါ၏ မိန်းမလိုချင်သည် ဆိုသည့် ကိစ္စ ပြီးကတည်းက မစ္စတာလုက ဂျာနူး ကို ထိုင်ဝမ်နှင့် စင်္ကာပူရုံးခွဲများတွင်သာ အလှည့်ကျ ဉီးစီးခိုင်းထားတော့သည်။
ဂျာနူး ရှိစဉ်က ကိုင်တွယ်ခဲ့သော မြန်မာပြည်ရှိ လုပ်ငန်းများကို ဗေဒါနှင့် လောရှည်တို့က တာဝန်ခွဲယူရသည်။
ဗေဒါ ယခင်ဉီးဆောင်လုပ်ခဲ့သည့် ပို့ဆောင်ရေးကိစ္စများကို ကျားရွှမ်က လက်လွှဲယူ၏။
လုပ်ငန်းများမှာလည်း သူ့လူနှင့်သူ လည်ပတ်နေပြီဖြစ်သဖြင့် ဗေဒါနှင့် လောရှည်တို့က အလိုက်သင့် ထိန်းကျောင်းပေးရုံသာ။
ထူးခြားမှုတစ်ခုမှာ စစ်ထောက်လှမ်းရေးများနှင့် လောမိသားစုကြားမှာ ဆက်ဆံရေးမှာ အနည်းငယ် ခွာပြဲလာခဲ့၏။ သို့သော်ငြား ဗေဒါနှင့်မူ စစ်ထောက်လှမ်းရေးများအကြား ရင်းနှီးမှုများ ရှိနေသေးသဖြင့် အချို့ကိစ္စများတွင် ဗေဒါကပင် ကြားဝင်ဖြေရှင်းပေးရတတ်သည်။
နောက်ထပ် ဗေဒါအတွက် နောက်ထပ် ခေါင်းစားစရာအလုပ်တစ်ခု ရှိသေးသည်။
အခြားမဟုတ်။
ဂျာနူး ရှိစဉ်က မစ္စတာလု၏ သားသမီးများ ကိစ္စ အဝဝကို ဂျာနူးက တာဝန်ယူဖြေရှင်းရ၏။ ယခုတော့ ထိုကိစ္စသည် ဗေဒါခေါင်းပေါ်ရောက်လာခဲ့ပြီဖြစ်သည်။
မစ္စတာလု၏ သားသမီးများအား ကျောင်းမှ မိဘခေါ်လျှင်လည်းဗေဒါသွားရ၏။ မစ္စတာလု သမီး၏ ရည်းစားကောင်လေး မူးယစ်ဆေးဝါးများနှင့် ဖမ်းမိလျှင်လည်း ဗေဒါပင် သွားဖြေရှင်းပေးရ၏။
မိမိကိုယ်ကို ဂိုဏ်းစတားလား၊ ကလေးထိန်းလားပင် ဗေဒါ မခွဲခြားတတ်တော့။
တခါတရံတော့ ဂျာနူးကို သတိရမိသည်။ သို့သော်လည်း ဂျာနူးကို ဆက်သွယ်ရန် သူစိတ်မကူးပါ။
လောရှည်ပြောခဲ့ဖူးသလိုပင် သူ့ကိုယ်သူပင် မပိုင်သော ဂျာနူးကို ဗေဒါက ပိုင်ဆိုင်ချင်နေ၍ မဖြစ်။
အစောပိုင်းက သူခပ်ကင်းကင်းနေရန် ကြိုးစားခဲ့သေးသည်ပဲ။
သို့သော် ဂျာနူးနှင့်သူ ပဲခူးအသွားကားလမ်းပေါ်က အဖြစ်အပျက်တွင် တစ်ဉီးနှင့် တစ်ဉီး ဖွင့်မပြောရပါပဲ..နားလည်ခဲ့ကြသည်။ ပို၍ တွယ်နှောင်ခဲ့ကြသည်။
ထိုအချိန်ကတော့ ဂျာနူးသာ လက်ခံလျှင် ဂျာနူးကို မစ္စတာလုတို့ လက်ထဲက မရမက ရအောင်ယူဖို့ သူ စိတ်ကူးမိခဲ့သေး၏။
သို့သော်..ဂျာနူးကိုယ်တိုင်က သူနှင့်မပတ်သက်သင့်မှန်း သိသွားပြီး မစ္စတာလုသဘောကျ နေထိုင်သွားလာပေးနေသည်ဟု နောက်ပိုင်းတွင် သူခံစားလာရသည်။
ထိုကာလအပိုင်းအခြားများတွင် မလွမ်းဆွတ်ခြင်းတရားဓမ္မ ကို ရအောင် ကျင့်ကြံတတ်လာခဲ့ပြီ။
၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။
စောစောစီးစီးဖုန်းသံကြောင့် ဗေဒါက အိပ်ချင်မူးတူးဖြင့် ကောက်ကိုင်လိုက်သည်။
“ဟေ့..ဘဲကြီးလား”
တယ်လီဖုန်းထဲမှ အသံစာစာလေးတစ်ခု သူ့နားထဲ ပစ်သွင်းခံလိုက်ရ၏။
“ဘဲကြီးလားလို့..မေးနေတယ်လေ”
“အခု ပြောနေတာ..ဘယ်သူလဲ”
“တို့ပါ..မေယု လေ..မေယုကြေးမုံ”
ဗေဒါ ငေါက်ခနဲ ထထိုင်လိုက်သည်။
“တို့ရောက်နေပြီ..ဘဲကြီး”
“ဘယ်ကိုရောက်တာလဲ”
“ရန်ကုန်ကိုလေ…ထရိတ်ဒါးမှာ တည်းနေတယ်..ဘဲကြီးပဲ ကတိပေးထားတယ်လေ…တို့ကို လာခေါ်ဉီး”
မေယုကြေးမုံက သူ့အခန်းနံပါတ်ကို ပြောပြသည်။
ဗေဒါက ထရိတ်ဒါးဟိုတယ်သို့ ထွက်လာပြီး ဧည့်ကြိုနေရာတွင် ထိုင်စောင့်နေလိုက်၏။
ခဏအကြာ မေယုကြေးမုံ ဆင်းလာသည်။
ကောင်မလေး၏ ဆံပင်များပင် အတော်ရှည်လာနေပြီ။
အသားညိုညို၊ အကောင်သေးသေးဖြင့် ချွန်မြသွက်လက်နေသော ထိုကောင်မလေး။
သူက ဗေဒါ့ ရှေ့တွင် ဝင်ထိုင်လိုက်၏။
“ဘာတွေကြည့်နေတာလဲ..ဘဲကြီး..မေယုက ချောလာလို့မဟုတ်လား”
ဗေဒါက ခေါင်းညိတ်ပြလိုက်သည်။
“ကဲ..ပြော..ငါ ဘယ်က စ ကူညီရမလဲ”
“ဘဲကြီးမှာ ကားပါတယ်..မဟုတ်လား”
ဗေဒါက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆို ရွှေတိဂုံဘုရားကို အရင်လိုက်ပို့ပေး…မေယု တခါမှ မရောက်ဖူးဘူး”
မေယုကြေးမုံ ပြောမှပင် ဗေဒါလည်း စဉ်းစားမိသည်။
သူလည်း ရွှေတိဂုံဘုရားသို့ မရောက်သည်မှာ နှစ်နှစ်ဆယ်လောက်ပင် ရှိရောပေါ့။
သူတို့ နှစ်ဉီးသား ရွှေတိဂုံဘုရားသို့ ရောက်ခဲ့ကြ၏။
“မင်း ကျောင်းကိစ္စတွေ အားလုံးပြီးပြီလား”
မေယုကြေးမုံက လျှာတစ်လစ်လေးထုတ်ကာ ပြုံးပြသည်။
“ဟယ်တော်..ဘဲကြီးက မှတ်မိသားပဲ…အဲ့ဒီတုန်းက နောက်လကျရင် ရန်ကုန်ကို လာခဲ့မယ်ပြောပြီး အခု တစ်နှစ်နီးပါးကြာသွားတာနော်..မေမေက ဩဇီမှာ လာနေနေလို့ပါ…အခုတော့ သူလည်း လာအိုကို ပြန်လစ်သွားပြီလေ”
“အော်…ဒါနဲ့..ဘယ်တော့ပြန်မှာလဲ”
“အမေးဇင်းပါပဲရှင်…ဒီနေ့မှ ရောက်လာတဲ့သူကို ဘယ်နေ့ပြန်မလဲ ပြောပြီး နှင်လွှတ်နေပြီ”
“မဟုတ်ပါဘူး…အလည်သက်သက်လာတာလား..ဘယ်တော့ပြန်မှာလဲ..မေးကြည့်တာပါ”
“ဘဲကြီး မေ့နေပြီလား….မေယု ရန်ကုန်ကို လာရတဲ့ ကိစ္စကို”
မေယုကြေးမုံ မျက်နှာက ခပ်တည်တည်လေးဖြစ်သွားသည်။
“ငါမမေ့ပါဘူး.. မေ့နေတာက မင်း..ငါ့ကို ဘဲကြီးလို့ မခေါ်ပါနဲ့ဆိုတာကို မေ့သွားတာလား”
မေယုကြေးမုံက တခစ်ခစ်ရယ်လိုက်ရင်း ဓမ္မာရုံတစ်ခုရှေ့ရှိ လှေကားထစ်ကလေးတွင် ဝင်ထိုင်လိုက်သည်။
“မေယု အကို ကို ရှာဖို့ကိစ္စ..အဲ့ဒါလည်း ဘဲကြီး..အဲ..ကိုကြီးပဲ..မေယု့ကိုကူညီရမှာနော်..ပြောပြီးစလစ်”
“ထားပါ…မင်းဟာမင်း ဘဲကြီးခေါ်ခေါ် ကိုကြီးခေါ်ခေါ် ကြိုက်သလိုခေါ်တော့…ဒါနဲ့…မင်းရဲ့ အဖေတူ အမေကွဲ အကိုနာမည်က…ဧရာနော်”
“အင်း..ဟုတ်တယ်..ဟိုကေသီပန်ကြော်ငြာတဲ့ လူရွှင်တော်ထိပ်ပြောင်ကြီးကတော့ မေယုအကို မဟုတ်လောက်ပါဘူးနော်”
မေယုကြေးမုံစကားကြောင့် ဗေဒါပင် ရယ်ချင်သွား၏။
အမြဲတမ်းဟာသဉာဏ်အပြည့်ဖြင့် လွတ်လပ်ပေါ့ပေါးနေသော ဒီကောင်မလေးအနားတွင်နေရသည်ကို သူပျော်လာသည်။
ပြီးတော့ အဖေတူ အမေကွဲ အကိုတစ်ယောက်ကို ရအောင်လာရှာနေသော သူ့ကို ဗေဒါ သနားလာ၏။
“မင်း အဖေနာမည်က ဉီးကြေးမုံနော်”
“ဟုတ်တယ်လေ”
“ဒါဆိုရင်တော့…မင်း..အကိုလို့ ယူဆရတဲ့..သူကို ငါတွေ့ထားပြီးပြီ”
“ဟယ်..တကယ်.”
မေယုကြေးမုံက အံဩသင့်သွားသော မျက်နှာကလေးဖြင့်။
“မေယုကို သူ့ဆီ အခုပဲ လိုက်ပို့ပါ…ဘဲကြီးရယ်..လုပ်ပါ…အခုပဲ မေယုတို့ သွားကြစို့”
မေယုကြေးမုံက ဗေဒါ၏ လက်မောင်းကို အတင်းဆွဲသည်။
“နေဉီး..ငါပြောတာ ဆုံးအောင်နားထောင်ပါဉီး..မေယု..ခဏပြန်ထိုင်ဉီး”
ဗေဒါပြောစကားအတိုင်း မေယုကြေးမုံက ပြန်ထိုင်လိုက်၏။
“အခုလောလောဆယ်…မင်း သူနဲ့ မတွေ့သင့်သေးဘူး..မေယု”
“ဟင်..ဘာဖြစ်လို့လဲ…မေယု အကို က ဘာဖြစ်နေလို့လဲ…သူက ကောင်းကောင်းမွန်မွန်..ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ သာမန်လူတစ်ယောက်ပဲမဟုတ်လား…. သူ့ကို မေယု အခုသွားတွေ့ချင်တာ.. သူလိုအပ်တဲ့ အကူအညီတွေပေးချင်တာ”
ဗေဒါက မျက်နှာချင်းဆိုင်မှ ရွှေတိဂုံစေတီတော်ကြီးကို ငေးကြည့်လိုက်သည်။
“ပြောပါ..ဘဲကြီး မလိုက်ချင်လည်း..မေယု..ကိုယ့်ဖာသာ သူ့ကို သွားတွေ့ပါ့မယ်..သူ့ကို မေယု ဘယ်မှာ တွေ့လို့ရမလဲဟင်”
“မင်းတယောက်တည်းလည်း မသွားသင့်ဘူး”
“ဘာဖြစ်လို့လဲ”
“သူက အခု နာမည်ကြီး လူမိုက်တစ်ယောက်ရဲ့ လက်ရုံး..လူမိုက်ဖြစ်နေလို့ပဲ”
“ရှင်..လူမိုက်”
မေယုကြေးမုံ ငေါင်စင်းသွားသည်။
မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်များလည်း လဲ့လာ၏။
“သွားပါပြီ…မေယု မျှော်လင့်ထားခဲ့သမျှတွေ..သွားပါပြီ”
“ကဲ..အခုတော့ သူနဲ့ မတွေ့ချင်တော့ဘူးမဟုတ်လား…ပြန်ကြစို့”
တလမ်းလုံး သူတို့ စကားမဆိုမိကြ။
“ဒါ..ကန်တော်ကြီး ဆိုတာလား”
“ဟုတ်တယ်”
“မေယုကို ဒီထဲ လိုက်ပို့ပေးမလား..ခဏပါပဲ”
ဗေဒါက ကန်တော်ကြီးထဲသို့ ကားကို မောင်းဝင်လိုက်သည်။
သစ်ပင်ရိပ်တစ်ခုအောက်တွင် မေယုကြေးမုံက ကားကို ရပ်ခိုင်းလိုက်၏။
“မေယု…ဘဲကြီးကို စကားပြောလို့ရမလား..ဘဲကြီး နားထောင်ပေးမလားဟင်”
ဗေဒါက ခေါင်းညိတ်လိုက်သည်။
“ဘဲကြီးကရော….လူဆိုးလူမိုက်တစ်ယောက်ပဲလား”
မထင်မှတ်ပဲ မေယုကြေးမုံမေးလိုက်သောစကား က ဗေဒါ့အရှိုက်ကို ထိသွားသည်။
ချက်ချင်းပြန်မဖြေနိုင်။
“အင်း..မေယု ခန့်မှန်းမိပြီးသားပါ….မေယုဘဝကလေ.. မွေးကတည်းက အဖေ့ကို မမြင်ဖူးဘူး…မေယု.. သိတတ်စမှာ မေယုကို ထိန်းကြောင်းနေတဲ့လူတွေအားလုံးကလည်း လူမိုက်ဆိုတဲ့လူတွေချည်းပဲ…ဉီးစိုးနောင်တို့ ၊ ဉီးခင်မောင်တို့ ဆိုတာ မေယုဖေဖေရဲ့ တပည့်တွေပါ…သူတို့ မေယုကို ချီပိုးထိန်းကြောင်းကြတိုင်း သူတို့ ခါးကြားမှာ သေနတ်မျိုးစုံကို မေယု ရင်းနှီးခဲ့ရတာ…အရွယ်ရောက်တော့လည်း မေမေကိုယ်တိုင်ကလည်း ဒီလိုလူတွေကို အုပ်ချုပ်ပြီး အလုပ်လုပ်နေတယ်ဆိုတာ…တဖြည်းဖြည်းသိလာတယ်…စဉ်းစားကြည့်..မေယု ပတ်လည်မှာ အရင်းနှီးဆုံးဆိုတဲ့လူတွေအားလုံးက လူဆိုးလူမိုက်တွေ ဒုစရိုက်သမားတွေချည်းပဲ”
မေယုကြေးမုံ၏ အသံက တိမ်ဝင်သွားသဖြင့် စကားကို ခေတ္တရပ်လိက်၏။
ထို့နောက် နှုတ်ခမ်းများက တဖြည်းဖြည်းပြုံးလာသည်။
“ရယ်စရာကောင်းလိုက်ပုံက…မေယု တစ်ခါမှ မမြင်ဖူးလိုက်တဲ့..မေယု ဖေဖေ ကလည်း တချိန်က ရန်ကုန် ဒုစရိုက်လောကရဲ့ ဂေါ့ဖားသားကြီး ဉီးကြေးမုံတဲ့လေ….ဟ..ဟ”
မေယုကြေးမုံစကားများက ဗေဒါအတွက်တော့ ရယ်စရာကောင်းမနေ။
“ဆီကိုင်တဲ့လက်က ဆီပေတယ်တဲ့….ပတ်ဝန်းကျင်က အရောင်ဆိုးတတ်တယ်တဲ့…ဒီပုပ်ထဲက ဒီပဲတဲ့…ဒီအစေ့ကနေ ဒီအပင်ပဲပေါက်တယ်တဲ့….မေယု အဲ့ဒီစကားတွေကို မယုံကြည်ဘူး……ဒါပေမယ့်…အခု မေယုရဲ့ တစ်ဉီးတည်းသော အကို ကလည်း….”
ကောင်မလေးက ဝေ့သီလာနေသော သူ့မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပင် သုတ်လိုက်သည်။
“မေယုက အဲ့ဒီလို လူမျိုးမဟုတ်ဘူး…. အဲ့ဒီအလုပ်တွေကို မေယု မကြိုက်ဘူး..မေယုဟာ ရိုးရိုးသားသားနဲ့ ဘဝကို အသက်မွေးဝမ်းကြောင်း ပြုချင်တဲ့ သာမန်ကောင်မလေးပဲ…မေယုဟာ အဲ့ဒီလို ကောင်မလေး..ဒါကို ဘဲကြီး ယုံလား..ယုံလားလို့”
မေယုကြေးမုံ အသံက ပေါက်ကွဲထွက်လာနေသည်။
“မေယု…အဲ့ဒီ လောဘသမားတွေကိုမုန်းတယ်..တကိုယ်ကောင်းသမားတွေကိုမုန်းတယ်. .ကြီးနိုင်ငယ်ညှင်းလုပ်နေကြတဲ့ လူဆိုးလူမိုက်ဆိုတာတွေကို မုန်းတယ်..သာမန်လူတန်းစားတွေကို ဒုက္ခပေးပြီး အနိုင်ကျင့်နေတဲ့လူတွေကို မုန်းတယ်..သိလား”
ခပ်သေးသေးကောင်မလေး၏ စကားလုံးကြီးကြီးများ ကြောင့် ဗေဒါပင် နေရထိုင်ရခက်လာ၏။
ပြောချင်ရာများပြောပြီးသည့်နောက် မေယုကြေးမုံက အကြာကြီး တိတ်ဆိတ်သွားသည်။
ဗေဒါလည်း ဘာပြောရမှန်းမသိသဖြင့် ကန်ရေပြင်ကို သာ ငေးမိနေ၏။
“ဆောရီး..ဘဲကြီး…မေယု..တောင်းပန်ပါတယ်”
“ရပါတယ်…ဒါ ပေါက်ကွဲရမယ့်ကိစ္စပဲဟာကို”
“မေယု ရဲ့အမေကိုတော့ မေယု ဘယ်လိုမှ ကယ်တင်လို့မရတော့ဘူး….မေယု အကိုကိုတော့ မေယု ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီလောကထဲက ဆွဲထုတ်သွားချင်တယ်….အဲ့ဒါ..ဘဲကြီး မေယုကို ကူညီပေးပါ”
ဗေဒါက ခေါင်းညိတ်လိုက်သည်။
“ဘဲကြီးကတော့ ဘယ်လို ပုံစံ ဆိုးပြီး ဘယ်လိုမိုက်တဲ့သူမှန်းမသိပေမယ့်..လူဆိုးထဲမှာတော့ တော်တော်စမတ်ကျတဲ့လူဆိုးပါ”
ဟော့…အတည်ပေါက်ကြီးမှ ဖောက်လာသည့် ဒီကလေးမ။
“ကဲ..လာဖားမနေနဲ့..ကူညီပေးမယ်ဆို..ရပြီမဟုတ်လား”
ထိုအချိန်တွင် ဗေဒါ၏ ကားထဲမှ ဖုန်းက အသံမြည်လာသည်။
ဗေဒါက ဖုန်းကို ကိုင်လိုက်၏။
လောရှည်ထံမှ။
“ခဏနော်”
ကားပေါ်မှ ဆင်းကာ ခပ်လှမ်းလှမ်းတွင် ဗေဒါ ဖုန်းသွားပြောနေလိုက်သည်။
ခဏအကြာတွင် ကားပေါ်ပြန်တက်လာ၏။
“ဒါဆို မနက်ဖြန်…မေယုကို ကိုဧရာဆီ လိုက်ပို့ပေးမယ်မဟုတ်လား”
ဗေဒါက ကားစတီယာရင် ပေါ် လက်နှစ်ဖက်စုံကိုင်လိုက်ပြီး သက်ပြင်းမောကြီးချလိုက်သည်။
“လောလောဆယ်တော့..မဖြစ်နိုင်သေးဘူး..မေယု”
“ဘာဖြစ်လို့လဲဟင်”
“ကိုစိုးမြတ်..ဒီနေ့ မနက်စောစောပဲ..အသတ်ခံလိုက်ရပြီ”
“ကိုစိုးမြတ်ဆိုတာ..ဘယ်သူလဲ”
“မင်းအကို ဧရာကြီးရဲ့ ဆရာအရင်းပဲ”
“ရှင်…ကိုဧရာရော..အန္တရာယ်ကင်းရဲ့လား”
“အဲ့ဒါတော့ ငါလည်းသေချာမသိသေးဘူး…အခုလောလောဆယ်..မင်းကို ဟိုတယ်ပြန်ပို့ပေးမယ်..အခြေအနေတွေက သူတို့လောကမှာရှုပ်ထွေးနေဉီးမှာ… ဒီအတောအတွင်း မင်း ကိစ္စ ကို စလို့မဖြစ်သေးဘူး..မေယု..ငါပြောတာ နားလည်လား”
မေယုကြေးမုံက ခေါင်းညိတ်ပြလိုက်သည်။
ဗေဒါ စိတ်ထဲတွင် စိုးမြတ် နှင့် နောက်ဆုံးအကြိမ်တွေ့စဉ် အကြောင်းများ အစီအရီဝင်လာ၏။
ထူးထူးခြားခြား..ဧရာကြီးနှင့်ပတ်သက်ပြီး သူ့ကို စိုးမြတ်ပြောသွားခဲ့သည့်စကား။
ဘာပဲပြောပြော..သူ့အပေါ်ကောင်းခဲ့သည့် စိုးမြတ်အတွက် သူစိတ်မကောင်း။
အတန်တန်သတိပေးထားပါလျက်နှင့်…အခုတော့။
……………………………….
ရန်ကုန်ဆောင်း၏ သဘာဝက ရောင်နီလင်းလေ..စိမ့်လေ။
ဆိုင်ကလေးက ဖွင့်ခါစမို့ မုန့်ဟင်းခါးနံ့က မြောက်ပြန်လေနှင့်အတူ ပျံ့ပျံ့သင်းသင်း။
မြူရိပ်ကြားမှ တဆင့် ထိုဆိုင်ဆီသို့ အကဲခတ်နေသော လူနှစ်ယောက်။
သူတို့နှင့် ဆန့်ကျင်ဘက်ဆိုင်တဖက်ခြမ်းတွင်ရှိသည့် လူသုံးဉီး က လည်း ဆိုင်ထဲမှ အခြေအနေကို အကဲခတ်နေ၏။
သူတို့အားလုံး၏ ဉီးတည်ရာကား..ဆိုင်ထဲတွင် မုန့်ဟင်းခါးထိုင်စားနေသော ဂျာကင်အင်္ကျီဝတ် လူတစ်ယောက်။
“တီ..တီ..တီ..တီ”
မုန့်ဟင်းခါးဟင်းရည်ထဲမှ ကြက်သွန်ဥကလေးကို ဇွန်းဖြင့် လိုက်ခပ်နေသော ထိုသူသည် ဖုန်းလာသဖြင့် လက်တဖက်ဖြင့် ကပြာကယာထုတ်ကိုင်လိုက်သည်။
“ဟဲလို”
ထိုအချိန်တွင် ကားတစ်စီး ဆိုင်ရှေ့သို့ ရှောခနဲ ထိုးစိုက်လာ၏။
ကားပေါ်မှ အသားမဲမဲ၊ တည်ငြိမ်သောဥပဓိရုပ်ပိုင်ရှင် လူတစ်ယောက် လှစ်ခနဲ ဆင်းလာသည်။
သူ့လက်ထဲမှ ဘက်နက်နှစ်ချောင်း။
တချောင်းက ဖုန်းပြောနေသူ၏ မြှောက်ထားသည့် လက်ပြင် ချိုင်းကြားကို ထိုးထည့်လိုက်သည်။
တချောင်းက လည်မြိုကို။
“ဇွပ်..ဇွပ်”
အဖြစ်အပျက်က မြန်သည်။
ထိုသူက ဘက်နက်နှစ်ချောင်းကို ပြန်နှုတ်ပင်မသွားပဲ…လမ်းလျှောက်ကာ ကားပေါ်သို့ အေးအေးလူလူ ပြန်တက်သွား၏။
ကားထွက်သွားသည်နှင့် အစောပိုင်းက စောင့်ဆိုင်းနေသော လူနှစ်စုမှာ ရုတ်တရတ် ဆိုင်တွင်းသို့ ဝင်ရောက်လာကြသည်။
သွေးအိုင်ထဲတွင် ပုံလျက်သားလဲကာ အကြောဆွဲနေသည့်သူကို ဝိုင်းဝန်း ကန်ကြောက်ကြ၏။
လက်ထဲတွင်လည်း ဓါးမြှောင်များ ကိုယ်စီနှင့်။
“တောသားကြီးတဲ့ကွ…စိုးမြတ်လည်း အသက်ပိုမပါဘူး”
“အကြည်လေး ကို လာမကြောနဲ့…သေသွားမယ်..အားလုံး”
“နဂါးကွ..မဆိုင်တဲ့သူမကပ်နဲ့”
ဆိုင်ထဲမှ လူများမှာလည်း အလန့်တကြား။
ထိုလူများက လဲကျနေသူအား စိတ်ကြိုက်ကန်ကျောက်ပြီးနောက်…ဆိုင်ထဲမှ ပြေးထွက်သွားကြသည်။
ရန်ကုန်မြို့၏ နာမည်ကျော်လူမိုက်ကြီး ကိုစိုးမြတ်ကား…သွေးအိုင်ထဲတွင်.ငြိမ်သက်။
……………………………….
“အဲ့ဒါ..ဇာတ်လမ်းအမှန်ပဲ..ဗေဒါ”
စစ်ထောက်လှမ်းရေး သံချောင်း၏ စကားဆုံးသည်နှင့် ဝီစကီခွက်ကို မော့လိုက်သည်။
“ဒါဆို…တကယ်ထိုးသွားတဲ့သူက လွတ်သွားတာပေါ့”
“အေးပေါ့…ထိုးသွားတဲ့ဘက်နက်တောင် ပျောက်သွားပြီး သက်သေခံက ဓါးဖြစ်သွားတာပဲ ကြည့်…အဲ့ဒီအတွက်လည်း ရန်ကုန်တိုင်းဒန က အကွက်ရွှေ့ပေးလိုက်တာ..ဒီကောင်တွေ သိန်းနှစ်ရာလောက် ခိုင်သွားတယ်တဲ့”
“ခင်ဗျားတို့ရော..ရလိုက်တယ်မဟုတ်လား”
ဗေဒါစကားကြောင့် သံချောင်းက သဘောတကျရယ်လိုက်သည်။
“အေးပေါ့ကွ…ဒီပုလိပ်တွေ.ငါတို့တော့ ကျော်လို့ဘယ်ရမလဲ..ဗေဒါရဲ့”
သံချောင်းပြောပြချက်အရ..စိုးမြတ်သည် မစ္စတာလုကို ကျော်ရုံမက…သူ၏ ဖားဖြစ်သော လောင်းကစားလောက ဆရာကြီးကိုပါ ကျော်ခွသည်ဟုဆိုသည်။
ဆရာကြီး၏ အိမ်ပေါ်အထိတက်ပြီး ဆိုဖာများကို ဓားဖြင့်ခုတ်ခဲ့သည်တဲ့။
ရန်သူပတ်လည်ဝိုင်းခဲ့သည့် စိုးမြတ်အဖြစ်။
“စိုးမြတ်ကို တကယ်ထိုးသွားတဲ့ သူက ဘယ်သူလဲ..ကိုသံချောင်း”
“သရဲကြီး ဆိုရင် မင်းသိမှာပါ”
ဗေဒါ ဒတ်ခနဲ အလင်းပေါက်လိုက်ပြီ။
အင်းစိန်ထောင်တွင်းတွင် သူဆုံခဲ့ဖူးသည့် သရဲကြီး။
သရဲကြီးက လူမိုက်ဆိုသော်ငြား စိုးမြတ်တို့လို ထင်ထင်ရှားရှားနေတတ်သူမဟုတ်။
သူ့အမှုတွဲနှင့်သူ ရှိန်လောက်သည့်ပါဝါရှိသော်လည်း ခပ်ရိုးရိုးကုပ်ကုပ်ပင်နေခဲ့သူ။
အေးအေးဆေးဆေးနေတတ်သော ဗေဒါနှင့်လည်း မျက်မှန်းတန်းမိခဲ့သည်။
“သရဲကြီးကို ဘယ်သူက ခိုင်းတာလဲ”
ဗေဒါ ထပ်မေးလိုက်၏။
“ဒါတော့…မင်းတောင်မှ မသိတာ..ငါလည်း ဘယ်သိမလဲ…ဟဲ..ဟဲ..ဟဲ..ဟဲ”
သံချောင်းက တဟဲဟဲ သာရယ်နေတော့သဖြင့် အတော်မူးနေပြီမှန်း ဗေဒါ သိလိုက်သည်။
ထန်းရည်မူးလျှင် ကျွဲခိုးပေါ်တတ်သည်ဆိုသော်လည်း…သံချောင်းလို ကောင်မျိုးက မူးလေ ပရိယာယ်များလေ။
ဗေဒါ ဆက်မမေးတော့။
သေတဲ့လူလည်း သေသွားခဲ့ပြီပဲ။ ကျန်သူများက ဒီပြဿနာတောထဲ ဆက်ကူးခတ်ကြပေါ့။
……………………………….
စိုးမြတ်၏ နာရေး။
ခုတ်ကြထစ်ကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော် …စိုးမြတ်ကို သတ်သွားသူများမှာ အဖမ်းခံနေကြပြီဖြစ်သဖြင့် ခုတ်မည်ထစ်မည်ဆိုသည့် စိုးမြတ်လူများလည်း မည်သူ့ကို ခုတ်ရမှန်းမသိတော့။
အရပ်ဝတ်ထောက်လှမ်းရေးများ၊ ရဲများကလည်း ခြေကျင်းလိမ်နေကြ၏။
ထိန်ပင်သုဿာန် အအေးတိုက်ရှေ့မှ ကားပေါ်တွင် ထိုင်ရင်း ဗေဒါက သူ့မိတ်ဆွေကြီး၏ နောက်ဆုံးခရီးကို ကြည့်ရှုနေသည်။
“မေယု..ဟိုက လူကောင်ထွားထွား၊ အင်္ကျီအနက်နဲ့ ပုဆိုးအပြာဝတ်ထားတဲ့သူကိုတွေ့လား”
ဗေဒါက သူ့နဘေးနားမှ မေယုကို လှမ်းပြောလိုက်၏။
“အင်း”
“အဲ့ဒါ…သူပဲ”
မေယုကြေးမုံက သူ၏ အဖေတူအမေကွဲ အကိုဖြစ်သူ ဧရာ ကို သေချာလိုက်ကြည့်သည်။
“သူ..သေချာပါတယ်နော်”
“ငါစုံစမ်းပြီးသွားပြီ..မေယု..သူ့အမေ နာမည်လည်း ဒေါ်မြိုင်ပဲ….သူခပ်ငယ်ငယ်မှာပဲ သူ့အမေနဲ့သူက. ကြံတောသင်္ချိုင်းထဲ ရောက်လာခဲ့တာ…ဉီးကြေးမုံဆုံးပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေးက ဒေါ်မြိုင်ကို မကြာခဏခေါ်ဖမ်းတယ်..ခေါ်စစ်တယ်….သူတို့ရဲ့ .ငွေကြေးအတော်များများ၊ ပိုင်ဆိုင်မှုအတော်များများလည်း အသိမ်းခံရတယ်တဲ့..နောက်ဆုံးတော့ ဒေါ်မြိုင်လည်း ဧရာကို ခေါ်ပြီး ကြံတောထဲ ဇာတ်မြုပ်လာနေခဲ့တာပဲ. ဉီးကြေးမုံရဲ့ တပည့်လက်သားဟောင်းတွေကလည်း တလေးတစားနဲ့ ကူညီစောင့်ရှောက်ကြတယ်….နောက်ပိုင်းအတော်လည်း ဆင်းရဲဒုက္ခရောက်ကြတယ်ကြားတယ်… ဒေါ်မြိုင်ကတော့..တီဘီရောဂါနဲ့ ဆုံးသွားတယ်….ဧရာက မိဘမဲ့ဘဝနဲ့ သင်္ချိုင်းထဲ ကြင်လည်ပြီး လူမိုက်ကြီး ဖြစ်လာတာပဲ….နောက်..အခုဆုံးသွားတဲ့ ကိုစိုးမြတ်နဲ့ တွဲမိသွားတော့…ပိုဆိုးတာပေါ့”
“ဪ…”
မေယုကြေးမုံက သူ့အကို ကို ကြည့်ရင်း စိတ်ထိခိုက်နေပုံရသည်။
ဧရာကြီးကတော့ ကွမ်းတဝါးဝါးဖြင့် သူ့ဆရာနာရေးအတွက် အလုပ်ရှုပ်နေ၏။
မေယုကြေးမုံက ရုတ်တရတ်ကားတံခါးကို ဖွင့်လိုက်သည်။
“မသွားနဲ့ဉီး..မေယု”
ဗေဒါက မေယုကြေးမုံ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်၏။
“စိုးမြတ်ကြီးဟာ မင်းအကိုရဲ့ အားကိုးရာပဲ….သူသေသွားတော့.မင်းအကို စိတ်ထိခိုက်နေမှာ…သူတို့လို လူတွေက ဒီလိုအချိန်မှာ စိတ်ရှုပ်ထွေးတာကို ခံနိုင်မှာမဟုတ်ဘူး…မင်းကိစ္စ သွားပြောရင်..ပိုရှုပ်ကုန်မယ်လေ..ငါ့စကားကို နားထောင်ပါ..မေယု”
မေယုကြေးမုံက ကားတံခါးကို ပြန်ပိတ်လိုက်သည်။
ထိုအချိန်တွင် ဗေဒါထံ ဖုန်းဝင်လာ၏။ မစ္စတာလုထံမှဖြစ်မည်။
ဗေဒါက ဖုန်းကို နားဖြင့်ကပ်လိုက်သည်။
သူရင်းနှီးခဲ့ဖူးသော ဟိုးအဝေးမှ တစုံတယောက်၏ အသံ။
“ဟာ…ဂျာနူး”
ဗေဒါ နှုတ်မှ အလန့်တကြား ရေရွတ်။
မေယုကြေးမုံပင် မျက်လုံးပြူးကလေးဖြင့် သူ့ကို လှည့်ကြည့်လာသည်။
ခက်ဇော်
အခန်း ၁၄ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>