ကိုဗစ်ကပ်ဘေးဟာ လူတွေကို ဒုက္ခပေးတယ်ဆိုပေမဲ့ အတွေးသစ်၊ အမြင်သစ်ကိုလည်း ပေးပါတယ်။ အဲဒီမှာ အစားအသောက်နဲ့ ဆိုင်တဲ့ အယူအဆတွေလည်း ပါပါတယ်။
အစားအသောက်ဆိုရင် နာမည်ကြီး ကမ္ဘာကျော် အမှတ်တံဆိပ်မှ ဆိုပြီးဖြစ်ခဲ့တာတွေ ကိုဗစ်ကပ်ဘေးမှာ တဖြည်းဖြည်း ပြောင်းလာပါတယ်။ ဒေသထွက်ကုန်တွေ ဦးစားပေးရမယ်ဆိုတာ ဖြစ်လာပါတယ်။
ဘာကြောင့် ဘာလဲ
၁။ ပိုကျန်းမာစေတယ်၊ အာဟာရပြည့်တယ်
ဒေသထွက် စားသောက်ကုန်တွေဟာ အကောင်းဆုံး အချိန်မှ ခူးဆွတ်တာများတယ်၊ ဒီဒေသမှာပဲ ခူး၊ ဒီမှာပဲ ရောင်းတယ်၊ ဒီတော့ ခူးတဲ့ အချိန်နဲ့ စားတဲ့ အချိန်အကြာကြီး မထားဘူး။ ဒါကြောင့် ပိုလတ်ဆတ်တယ်၊ ပိုအာဟာရပြည့်တယ်။
၂။ သဘာဝပတ်ဝန်းကျင် အတွက် ပိုကောင်းတယ်
ဒေသထွက်တွေကို ဒီဒေသမှာပဲ ထုတ်၊ ဒီမှာပဲ ရောင်းတယ်။ အဲဒီတော့ ခူးဆွတ်တာ၊ ထုပ်ပိုးတာ၊ ပို့ဆောင်တာ၊ စားသုံးသူလက်ဝယ် ရောင်းချတာတွေဟာ ခရီးလမ်းပန်းတိုတယ်။ ထုတ်လုပ်မှု ကွင်းဆက်တိုတယ်။ သယ်ပို့ဖို့အတွက် ယာဉ်တွေ အများကြီး သုံးစရာ မလိုဘူး။
ဒါကြောင့် ကာဗွန်ထုတ်လုပ်မှု နည်းတယ်၊ သဘာဝ ဝန်းကျင်ပျက်စီး ညစ်ညမ်းမှု နည်းစေတယ်။
နောက်ပြီး လယ်သမားတွေသုံးတဲ့ စိုက်ပျိုးထုတ်လုပ်နည်းတွေက ဒေသဝန်းကျင်နဲ့ ကိုက်တဲ့ နည်းတွေ ဖြစ်လေ့ရှိတယ်။
၃။ သယ်ယူပို့ဆောင်ရေး ပြတ်တာ ပူစရာမလို
သဘာဝဘေး၊ ကပ်ဘေး ကာလတွေမှာ ခရီးလမ်းပန်းတွေ ပိတ်ထားတဲ့အချိန် ပိုသိသာပါတယ်။ အခြားဒေသထွက်ကုန်တွေ မှီခိုရရင် အကြောင်းအမျိုးမျိုးကြောင့် ခရီးလမ်းပန်းတွေ ပိတ်လိုက်ရင် စားသောက်ကုန် ရှားပါးမှုတွေ ဖြစ်လာနိုင်တယ်။ ကိုဗစ်ကာလမှာ ပိုသိသာခဲ့ပါတယ်။
ဒေသထွက်ကုန်တွေက အဲဒီအတွက် ပူစရာ မလိုပါဘူး။ ဒီမှာ ထုတ်၊ ဒီဈေးကို ပို့ရုံပဲ။
၄။ ဒေသ စီးပွားရေး ပိုကောင်းစေ
ဒီဒေသက လယ်သမားတွေ ထုတ်တာကို ဒီဒေသကလူတွေ အားပေးတာဟာ ဒေသစီးပွားရေး ပိုကောင်းစေတယ်။ ငွေကြေးသုံးစွဲမှုကလည်း ဒီထဲမှာပဲ လည်နေတယ်။ ထုတ်တဲ့သူတွေကို ဝယ်တဲ့သူတွေက ကောင်းကောင်းသိနေတော့ အရည်အသွေးကိုလည်း ထိန်းပြီးသား ဖြစ်သွားစေတယ်။