BREAKING
January 11, 2025

ထုံခါ-မောတောင်လမ်းတွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

January 11, 2025

ပုံစာ - တိုက်ပွဲအတွင်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ။

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်ရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် KNLA တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ(၄) ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်တွင် သိန်ခွန်းရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“တိုက်ပွဲထဲမှာ ရန်သူတွေ ဒဏ်ရာရသေဆုံးမှုရှိတယ်၊ အသေးစိတ်တော့မသိဘူး။ ကျွန်တော်တို့ လက်နက်တစ်လက်နဲ့ လက်နက်ခဲယမ်းတချို့တော့ရတယ်။ ရန်သူကတော့ နောက်မဆုတ်ဘူး။ ဒါပေမဲ့ ဆက်တက်လို့လည်း မနိုင်ဘူးပေါ့နော် လောလောဆယ်အခြေအနေက” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို ထိန်းချုပ်ရန် ဒီဇင်ဘာလ ၁၈ ရက်ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သိန်ခွန်းရွာ ဝင်ရောက်တပ်စွဲထားသည်။

ဒီဇင်ဘာလ ၁၈ရက်ကစပြီး ရေဖြူ၊ ထုံခါ၊ သိန်ခွန်းရွာများဘက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၁ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် မောင်တောမြို့ဘက်သို့ စစ်ကောင်စီစစ်ကြောင်း ဆက်မထိုးနိုင်ဘဲ သိန်ခွန်းရွာတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီလ ၁၀ ရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် ဒေသခံများ ဖမ်းဆီးခံရမှုတို့ကြောင့် ရေဖြူ၊ ထုံခါ၊ ချောင်းနောက်ပြန်ရွာ၊ သိန်ခွန်းရွာတို့က ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း အဆိုပါကျေးရွာ ဒေသခံတို့ထံမှ သိရသည်။