BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

January 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၅ ရက်မှ ၁၁ က်အထိ

မံစီမြို့က စစ်ကောင်စီတပ်ရင်းတွေကို KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူ

Photo – ABSDF

ကချင်ပြည်နယ် မံစီမြို့က စစ်ကောင်စီရဲ့ လက်ကျန် တပ်ရင်း၊ တပ်စခန်း အားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူပြီး မြို့ကို ထိန်းချုပ်လိုက်ပါတယ်။

မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ မေလမှာ ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ပြန်လည် ရပ်နားခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်မှာ ပြန်လည်စတင်ခဲ့ပြီး တစ်လကျော်အကြာ ဒီဇင်ဘာလ ၈ရက်မှာ လက်ကျန်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ပူးပေါင်းတိုက်ခိုက်ရာမှာပါတဲ့ ကျောင်းသားတပ် ABSDF က ထုတ်ပြန်ပါတယ်။  တစ်လတာကာလအတွင်း ခြေမြန်တပ်ရင်း ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမြောက်တပ်ရင်း ၃၅၂ စတဲ့ တပ်ရင်းတွေကို သိမ်းယူနိုင်တာဖြစ်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း KIA နဲ့ ပူးပေါင်းတပ်တွေက မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်ကာ နေရာတချို့ကို သိမ်းယူထားနိုင်ပြီဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။ တစ်ကျော့ပြန်တိုက်ပွဲတစ်နှစ်တာကာလအတွင်း မြို့ ၁၀ကျော်ကို KIA က သိမ်းယူထားပါတယ်။ ကချင်မှာ ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သား ၁၄၀ကျော်သေဆုံးတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ထုတ်ပြန်ထားပါတယ်။

……………………………………..

တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး

Photo – AA Info Desk

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိခဲ့ကြပါတယ်။

ဇန်နဝါရီလ ၈ရက် မွန်းလွဲပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်နီမော်ကျေးရွာရဲ့ ရပ်ကွက်သုံးခုက နေအိမ် လေးရာနီးပါး မီးလောင်ကျွမ်းပျက်စီးတာမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများအပြား မီးထဲပါသွားတယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

ရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၂၆ဦးရှိပြီး ပြင်းထန်ဒဏ်ရာရသူ ၁၂ဦးအပါအဝင် ဒဏ်ရာရသူ ၂၇ဦးရှိတယ်လို့ ဖော်ပြပါ တယ်။ ဒါ့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေတာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာတော့ ကျောက်နီမော်ရွာဖြစ်ရပ်မှာ သေဆုံးသူ ၄၀ ကျော်ရှိတယ်လို့ ဖော်ပြကြပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောဆိုထားတာမျိုး မတွေ့ရသေး ပါဘူး။

အခုသီတင်းပတ်အတွင်း စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ၊ တောင်သာမြို့နယ်တွေ၊ တအာင်းတပ်သိမ်းထားတဲ့ မိုးကုတ်မြို့၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

……………………………………..

တစ်နှစ်အတွင်း အရပ်သား ၁၈၀၀ ကျော်သေဆုံး

ပုံစာ – ရှမ်းတောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ရက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ဦး သေဆုံးခဲ့ပါတယ်။ Photo – CJ

၂၀၂၄ တစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် သေဆုံးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၉ရက်မှာ ထုတ်ပြန်ပါတယ်။

အမျိုးသမီးခြောက်ရာကျော်၊ အမျိုးသား ၁၂၀၀နီးပါးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး စုစုပေါင်း ၁၈၂၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ အသက် ၁၈နှစ်အောက် ကလေး ၂၅၀ နီးပါး ပါဝင် တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးမှု ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ၂၀၂၄ အတွင်းမှာ လူ ၇၆၀ ကျော် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူလည်း ၆၃၀ ကျော် ရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

……………………………………..

လျှပ်စစ်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့ပြီးနောက် လျှပ်စစ်မီးအချိန်ပိုင်းသာပေးနိုင်တော့

Photo – Getty Images

လျှပ်စစ်ထုတ်လုပ်မှု ထက်ဝက် လျော့နည်းလာတာကြောင့် လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ နာရီပိုင်းပဲ ပေးနိုင်တော့မယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လျှပ်စစ်နဲ့ စွမ်းအင် ကဏ္ဍနှစ်ရပ်လုံးကို ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ကော်မရှင်ဖွဲ့ပြီး တစ်လ မပြည့်ခင်မှာ လျှပ်စစ်မီး နာရီပိုင်းပဲ ပေးနိုင်တော့မယ့်အကြောင်း ထုတ်ပြန်လာတာပါ။

လူဦးရေ ခုနစ်သန်းကျော်ရှိတဲ့ ရန်ကုန်မှာတော့ အလှည့်ကျစနစ်အရ တစ်ရက်ကို လေးနာရီ နှစ်ကြိမ်နှုန်းနဲ့ လျှပ်စစ်မီး ရှစ်နာရီပဲရတော့မှာပါ။ မန္တလေးမှာတော့ သုံးနာရီပေး၊ ကိုးနာရီဖြတ်၊ လေးနာရီပေး ၁၂နာရီဖြတ်စနစ်နဲ့ အလှည့်ကျသွားမယ် လို့ ဆိုပါတယ်။ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကတော့ လျှပ်စစ်မီး ပိုမိုရရှိပါတယ်။ ပြည်သူတွေ အတွက် ၁၆နာရီပေး ရှစ်နာရီဖြတ်စနစ်သုံးမှာဖြစ်ပြီး ဝန်ထမ်းအိမ်ရာတွေကတော့ ၁၈နာရီပေး လေးနာရီ ဖြတ်စနစ်သုံးမယ်လို့ ဖော်ပြပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကတော့ ခြောက်နာရီပဲ ရရှိမှာပါ။

နာရီပိုင်း အလှည့်ကျ မီးပေးမယ်ဆိုပေမယ့် သတ်မှတ်ချိန်အတိုင်း မရတာတွေ ကြုံနေရသလို လျှပ်စစ်မီး ရရှိချိန်နည်းလွန်းတာ ကြောင့် အိမ်ရှင်မတွေ အကြီးအကျယ်အခက်အခဲကြုံနေရပါတယ်။ တစ်နိုင်တပိုင် လုပ်ငန်းတွေ၊ အသေးစားအလတ်စား အပါအဝင် လုပ်ငန်းတွေလည်း ထိခိုက်နေတယ်လို့ ဆိုပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကတော့ သဘာဝဓာတ်ငွေ့ရည်(LNG)သုံး စက်ရုံတွေ ကနေ အချိန်တိုအတွင်းလျှပ်စစ်ထုတ်နိုင်အောင်ကြိုးစားနေတယ်လို့ပြောပါတယ်။ လက်ရှိမှာ လျှပ်စစ်ဓာတ်အားလျော့နည်း ရတာက ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေဖျက်ဆီးခံရတာ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကျဆင်းတာ၊ ဓာတ်ငွေ့ပိုက်လိုင်း တွေပြုပြင်တာ၊ မုန်တိုင်းဒဏ်ကြောင့် ဓာတ်အားပေးစက်ရုံတွေ မလည်ပတ်နိုင်တာကြောင့်လို့ အကြောင်းပြပါတယ်။

……………………………………..

Mytel ကို အမေရိကန်ဒဏ်ခတ်အရေးယူ

Photo – CINCDS

စစ်ကောင်စီတပ် ရှယ်ယာတွေပါဝင်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

Mytel ကုမ္ပဏီဟာ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နိုင်အောင် ဘဏ္ဍာရေးထောက်ပံ့နေပြီး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထောက်လှမ်းတာတွေအတွက်လည်း အကူအညီပေးနေတာကြောင့် အခုလို အရေးယူတာလို့ ဆိုပါတယ်။

အမေရိကန်လိုပဲ Mytel ကို ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK က တောင်းဆိုထားပါတယ်။ Mytel ရဲ့ရှယ်ယာ ၂၈ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်ပိုင်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ပိုင်ဆိုင်တာပါ။

……………………………………..

လွတ်ငြိမ်းခွင့်နဲ့လွတ်မြောက်သူတစ်သိန်းကျော်မှာ နိုင်ကျဉ်းရှစ်ထောင်ကျော်ပဲပါ

ပုံစာ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်မှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူကို မိသားစုဝင်တွေက လာရောက်ကြိုဆို။ Photo – AFP

အာဏာသိမ်းကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ်မှာ အကျဉ်းသားတစ်သိန်းကျော်လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ရှစ်ထောင်ခုနစ်ရာကျော်ပဲပါဝင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ပါတယ်။

ရာခိုင်နှုန်းအနေနဲ့ဆိုရင် နိုင်ကျဉ်းပါဝင်မှုဟာ ၈ ဒသမ ၆ရာခိုင်နှုန်းပဲရှိပါတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံတာ၊ ဆန့်ကျင် တာတွေကြောင့် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ကျဉ်း နှစ်သောင်းကျော်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့က အကျဉ်းသား ၅၈၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ကျဉ်းခြောက်ရာကျော် ပါဝင်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ကျဉ်း သုံးရာကျော်ပဲရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ကျဉ်းအရေအတွက်ကို လိမ်လည်ထုတ်ပြန်ခဲ့တဲ့အပေါ်  ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ဦးက ထုတ်ပြန်ထားပါတယ်။

……………………………………..