တိုက်ပွဲပြင်းထန်ခဲ့သည့် ပုလောမြို့နယ်၊ တပိုကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ရော်ဘာခြံများနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၁ရက် မွန်းလွဲ ၂နာရီခန့်တွင် စက်တော်ရာရွာဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ရော်ဘာခြံများနှင့် နေအိမ်တစ်ဆောင်ကို မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရော်ဘာခြံ လေးခြံခန့် မီးလောင်သွားပြီဖြစ်ပြီး ထပ်မံလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ၎င်းက ယနေ့ ည ၆နာရီဝန်းကျင်တွင် ပြောဆိုသည်။
“ခြံက ဘယ်နှစ်ခြံလို့တောင် အတည်ပြုလို့ မရဘူး။ ခြံတွေက ကပ်နေတယ်ဆိုတော့ တစ်ခြံပြီးတစ်ခြံ လောင်နေတာပေါ့။ လက်ရှိက ရှို့နေတုန်းဆိုတော့” ဟု အထက်ပါဒေသခံက ပြောသည်။
စစ်ကောင်စီတပ်က တပိုကျေးရွာဝန်းကျင်ကို ယနေ့ညနေအထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို ဒရုန်းဖြင့်ပါ ဗုံးချတိုက်ခိုက်နေပြီး ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေသည့်အတွက် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ဇန်နဝါရီလ ၉ရက်က ပုလောမြို့နယ် စက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သလို မြိတ်မြို့ဘက်သွားသည့် ‘ဘုတ်’ လမ်းခွဲရှိ စစ်ကောင်စီ၏ ခလရ ၁၇ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းက အကြိမ်၂၀ကျော်ဗုံးကြဲတိုက်ခိုက်ပြီး အပြင်းအထန်ခုခံခဲ့သည်။
လက်ရှိတွင် တပိုရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။
“တိုက်ပွဲကတော့ ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာချိန် လမ်းတွင်တွေ့သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးများကို ဖမ်းဆီးခဲ့ပြီး ဖုန်း ခြောက်လုံးနှင့် ငွေကျပ် ခုနစ်သိန်းကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ထို့နောက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားနှစ်ဦးကိုမူ ဆက်လက်ဖမ်းဆီး ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။