BREAKING
January 11, 2025

ရေးမြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

January 11, 2025

တိုက်ပွဲဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံလောင်းရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၁၀ ရက်ကစပြီး တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

တိုက်ပွဲအတွင်း ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့် အပြင် ယနေ့ မွန်းလွဲပိုင်းတွင် ကျုံလောင်ရွာဟောင်းအနီးတဝိုက်ကို လေယာဉ်ဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဒေသခံတွေကတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက ထွက်ပြေးနေကြတော့ ရွာတွေဘက်မှာ လူတော့ မရှိလောက်ဘူး။ အခုက မြို့ပေါ်ကလူတွေလည်း ထွက်ပြေးရမလိုဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့လည်း လှမ်းထုနေတာ။ အခု လေယာဉ်နဲ့ပါ လာနေတော့ လူတွေက ဘယ်ပြေးလို့ ပြေးရမှန်း မသိတော့ဘူး”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ကျုံလောင်းရွာဟောင်းဘက်ကို ဇန်နဝါရီလ ၈ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ် အင်အား ၃၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲတွင် အခြေချတပ်စွဲထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ရက်နှင့် ၁၁ ရက်တွင်လည်း ကျုံလောင်းရွာဟောင်းဘက်သို့ စစ်ကောင်စီ အင်အား ထပ်ဖြည့်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် ထိခိုက်မှု ရှိ မရှိကိုမူ မသိရှိရသေးကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ဆိုသည်။

“အကုန်လုံးက ထွက်ပြေးနေကြတော့ ရွာမှာ ဘာဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိဘူး။ သွားပြန်ကြည်ဖို့ကလည်း အခြေအနေက မကောင်းဘူးလေ။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ စစ်ကြောင်းကလည်း ဝင်နေတော့ အခြေအနေက ဘာဆက်ဖြစ်မလဲမသိဘူး” ဟု ထွက်ပြေးနေရသည့် ကျုံလောင်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျုံလောင်းကျေးရွာနှင့် အနီးအနားရှိ ကျောက်မိကျောင်း (တောင်/မြောက်)၊ ကွင်းရှည်၊ ဖလံ၊ ဝယ်ပေါင်၊ ဝယ်ဇင်ကျေးရွာမှ ဒေသခံထောင်နှင့်ချီတို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံလောင်းရွာဟောင်းဘက်ကို စစ်ကောင်စီတပ်ဘက်က လမ်းများ ပိတ်ဆို့ထားပြီး စစ်ဆေးမှုများလည်း တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။