ပုလောမြို့နယ်၊ ဘုတ်လမ်းဆုံရှိ စစ်ကောင်စီ၏ ခလရ ၁၇ နှင့် စက်တော်ရာစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က လေယာဉ်လေးစင်းဖြင့် ဗုံးအလုံးရေ ၈၆ လုံးအထိ ကြဲချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြိတ်ခရိုင် PDF တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၁၀ လပိုင်းခန့်ကစပြီး စက်တော်ရာရွာမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ခလရ ၁၇ တို့ကို မြိတ်ခရိုင် တပ်ရင်း(၁)၊ KNDO နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ခလရ(၁၇)တပ်ရင်းကို တိုက်ခိုက်နေစဉ်နံနက် ၉ နာရီခွဲတွင်တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် ဗုံးသီး ၁၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဖော်ပြသည်။
တစ်ချိန်တည်းမှာပင် စက်တော်ရာရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ လေကြောင်းမှ ၂၃ ကြိမ် ဗုံးသီးအလုံးရေပေါင်း ၇၀ ခန့်အထိ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
K8W ဂျက်ဖိုက်တာလေယာဉ်နှစ်စင်း Mi 2 ဟယ်လီကော်ပတာ ရဟတ်ယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းဖြင့် ဗုံးသီး ၈၆ လုံးကြဲချ တိုက်ခိုက်ခဲ့ဟုဆိုသည်။
မြိတ်-ပုလောပြည်ထောင်စုကားလမ်းပေါ်ရှိ ခလရ(၁၇) တပ်ရင်းနှင့် စက်တော်ရာရွာက စစ်ကောင်စီစခန်းသည် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် အရေးပါသည့် နေရာများသဖြင့် စစ်ကောင်စီက လေကြောင်းဖြင့် အသည်းအသန်ခုခံကာကွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင် တပ်ရင်း(၁)က ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။
“စက်တော်ရာကျသွားရင် ကြဲ၊ မီးလောင်ချောင်း၊ ခလရ ၁၇ တွေကိုပါ တစ်ဆက်တည်း ခြိမ်းခြောက်နိုင်တဲ့ အနေအထားရှိတယ်” ဟု ကိုအာနိုးက ဆိုသည်။
ခလရ (၁၇) တပ်ရင်းဝင်တိုက်မှုတွင် စစ်ကောင်စီတပ်ဘက် သုံးဦးသေဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တော်ရာရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း၊ ယင်းတိုက်ပွဲတွင် လူနေအိမ်သုံးလုံးနှင့် ထမင်းဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ကိုအာနိုးက ပြောသည်။