BREAKING
January 11, 2025

တနင်္သာရီဒေသခံ ပရဟိတအသင်းဥက္ကဋ္ဌတစ်ဦး ထိုင်းတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး

January 11, 2025

ပုံစာ - ကိုချစ်ဦး ။

ထိုင်းနိုင်ငံအခြေစိုက် သစ္စာအားမာန် ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ အသက် ၄၃ နှစ်အရွယ် ကိုချစ်ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့ ညကတည်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး ဇန်နဝါရီလ ၉ ရက်တွင် ဖက်ဘူရီခရိုင်၌ အလောင်းပြန်တွေ့ခဲ့ရသည်ဟု သစ္စာအားမာန် အသင်းထံမှသိရသည်။

ကိုချစ်ဦးသည် ပကျွတ်ခရိုင်၊ ကွေဘူလီမြို့တွင်ပြုလုပ်သည့် သစ္စာအားမာန်အသင်း ဆယ်နှစ်ပြည့် တရားပွဲ ကျင်းပပြီးနောက် ဇန်နဝါရီလ ၁ ရက်တွင် ၎င်းနေထိုင်ရာ မဟာချိုင်သို့ပြန်ရာတွင် ဖက်ဘူရီခရိုင်၊ ချအန်မြို့အဝင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ခဲ့ခြင်းဖြစ်သည်။

“လုပ်လက်စ လမ်းဘေးက အုတ်ခုံကို ဆိုင်ကယ်နဲ့ ဝင်တိုက်တာပါ။ ကျွန်တော်တို့ဆီကနေ ထွက်သွားတာ (ဇန်နဝါရီလ) ၁ ရက်နေ့ ည ၁၁ နာရီ ကျော်ကျော် လောက်ကပါ။ ဖြစ်သွားတာက ဆေးစစ်ချက်အရ ည ၁၂ နာရီ ၅၁ မိနစ်ဆိုတော့ ၂ ရက်နေမှာ ဖြစ်ခဲ့တာပါ” ဟု သစ္စာအားမာန် အသင်းဝင်တစ်ဦးကပြောသည်။

အလောင်းပြန်ရှာမတွေ့မီ ၇ ရက်ကြာအဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေသဖြင့် ထိုင်းရဲဌာနတွင် တိုင်ချက်ဖွင့်ကာ ရှာဖွေခဲ့သော်လည်း ရှာမတွေ့ကြောင်း ၎င်းကပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက် တွင် လူမှုကွန်ရက်ပေါ်၌ ဖက်ဘူရီခရိုင်မှ လူနာတင်ယာဥ် ဖြင့် သယ်ဆောင်သွားသည့် ကိုချစ်ဦး၏ ရုပ်အလောင်းအား ကိုချစ်ဦး အလုပ်လုပ်သည့် ရေပိုက်စက်ရုံက အလုပ်သမားခေါင်းဆောင်မှတွေ့ရှိ၍ အဆက်အသွယ်ပြန်ရကာ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုချစ်ဦး ၏ စျာပန ကို ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်း တွင် ကွေဘူလီ ၊ မီးပွိုင့်ဘုန်းကြီးကျောင်းတွင်ပြုလုပ်မည်ဟု သစ္စာအားမာန် အသင်းထံမှသိရသည်။

ကိုချစ်ဦးသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ရမ်းဖိုရွာသားဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် အရွယ်မရောက်သေးသည့် ကလေးနှစ်ဦးကျန်ခဲ့သည်။

သစ္စာအားမာန် ပရဟိတအသင်းသည် တနင်္သာရီဒေသခံအများစု ပါဝင်ဖွဲ့စည်းထားသည့် ထိုင်းရောက်ရွေ့ပြောင်းမြန်မာလုပ်သားများ၏ သာရေးနာရေးကို တစ်ပိုင်တစ်နိုင် ကူညီပေးသည့် အဖွဲ့အစည်းဖြစ်ပြီး ကိုချစ်ဦးသည် လွန်ခဲ့သည့် ၅ နှစ်မှစကာ အသင်းဥက္ကဋ္ဌတာဝန်ယူထားသည်ဟု ယင်းအသင်းထံမှသိရသည်။