မြိတ်မြို့တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၁)နံနက်က နေအိမ်သုံးဆောင်မီးလောင်သွားကြောင်း ဒေသခံများနှင့် မီးငြိမ်းသတ်ရာတွင် ပါဝင်သူများထံမှ သိရသည်။
နံနက် ၉နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မိနစ် ၃၀ကျော်လောင်ကျွမ်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
မီးလောင်မှုကြောင့် အခန်းသုံးခန်းပါသည့်တန်းလျားတစ်ဆောင်အပါအဝင် နေအိမ်သုံးဆောင် လုံးဝပျက်စီးသွားကြောင်း ပထော်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဘာကြောင့်လောင်တာလဲမသိပေမယ့် စလောင်တဲ့အိမ်တွေကတော့ ပစ္စည်းတောင်ယူဖို့ မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
မီးလောင်မှုကို ပထော်ကျေးရွာမီးသတ်နှင့် မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြိမ်းသတ်ခဲ့ပြီး လူသူထိခိုက်မှုမရှိခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် နာရေးကူညီမှုအသင်းနဲ့ နီးစပ်သူအချို့ထံမှ သိရသည်။





