BREAKING
January 11, 2025

မိုင်းတွေက အရပ်သားတွေအတွက်လား

January 11, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်းအား တော်လှန်ရေးတပ်က ရှင်းလင်းနေစဉ်။(ပုံဟောင်း)

အာဏာမသိမ်းမီက စစ်မက်ဖြစ်ပွားရာတောတောင်များအတွင်းသာ တွေ့ရလေ့ရှိသည့် မြေမြှုပ်မိုင်းအပါအဝင် မိုင်းမျိုးစုံမှာ လက်ရှိအချိန်တွင် ပြည်သူများ၏ လက်တစ်ကမ်းအကွာသို့ ရောက်လာသည်။

အာဏာသိမ်းကာလ လေးနှစ်အတွင်း ဝင်လာချိန်တွင် တော်လှန်ရေးတပ်များ၏ ခုခံတွန်းလှန်မှု အားကောင်းလာပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ၏အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများအပါအဝင် မိုင်းမျိုးစုံကို အသုံးပြုလာသည်။

တော်လှန်ရေးတပ်များ ဝင်ထွက်သွားလာနိုင်သည့် လမ်းမကြီးအချို့၊ ကျေးရွာချင်းဆက်လမ်းများ၊ ဥယျာဉ်ခြံများ၊ လူနေခြံဝင်းများအထိ မိုင်းထောင်လာသည်။

ထိုကြောင့်လည်း အရပ်သားမိုင်းထိပြီး သေဆုံးဒဏ်ရာရသည့်ဖြစ်စဉ်များလည်း မြင့်တက်လာသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနိုင်သည့်လမ်းများ၊ ဥယျာဉ်ခြံဝင်းများအတွင်း မိုင်းထောင်ကာ စစ်ကောင်စီတပ်ရန်ကို ကာကွယ်ထားကြသည်။

ထိုကြောင့် မြေမြှုပ်မိုင်းအပါအဝင် မိုင်းမျိုးစုံ၏အန္တရာယ်မှာ လက်တစ်ကမ်းအကွာအဝေးသို့ ရောက်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်သောကရောက်နေကြသည်။

စားဝတ်နေရေးအတွက် ဥယျာဉ်ခြံများ၊ လယ်တောများသို့ သွားရောက်ချိန်၊ ကူးသန်းသွားလာရချိန်များတွင် မိုင်းနှင့်ပတ်သက်ပြီး ပြည်သူများမှာ စိုးရိမ်နေကြရသည်။

လက်နက်ကိုင်တပ်များ အချင်းချင်း ရည်ရွယ်ကာထောင်ထားသည် ဆိုသောမိုင်းများမှာ ဒေသခံပြည်သူများသာ ထိခိုက်နေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ်တနင်္သာရီအပတ်စဉ်ပုံရိပ် အစီအစဉ်တွင် ဒေသခံများကို မေးမြန်းတင်ဆက်လိုက်ပါသည်။

“မိုင်းတွေက ခေါင်ပြန်နဲ့ဇာဒီနှစ်ရွာကြားက ကွန်ကရစ်လမ်းရော၊ မြေသားလမ်းရောမှာ အဓိက ထောင်ထားတာ။ အန္တရာယ်တော့ အရမ်းများတယ်”

ထားဝယ်မြို့တွင် စစ်လာရှောင်နေသည့် ရေဖြူမြို့နယ် ဇာဒီရွာသားတစ်ဦး

DW ။ ရွာမှာ မိုင်းတွေ နင်းမိနေတာကြားရလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ကြားရတယ်။ နွားတွေ ကျွဲတွေ နင်းနေတာ။ လူတော့ တစ်ခါနင်းမိပြီးပြီ။ မောင်နှမနှစ်ယောက် ဒဏ်ရာရတယ်။ လူသေတာတော့ မရှိသေးဘူး။

DW ။ မိုင်းအန္တရာယ် ဘယ်လိုစိုးရိမ်ချက်ရှိလဲ။

ဖြေ ။ စိုးရိမ်တာကတော့ စိုးရိမ်တာပေါ့လေ ။ ဒါပေမဲ့ ဘာမှလည်းလုပ်လို့မရဘူး ။ အစကဆို ရွာထဲမှာ ပစ္စည်းပစ္စယ ဝင်ယူရဲသေးတယ်။ အခုဆို ဝင်ယူမရဲတော့ဘူး။ မိုင်းတွေက ခေါင်ပြန်နဲ့ဇာဒီနှစ်ရွာကြားက ကွန်ကရစ်လမ်းရော ၊ မြေသားလမ်းရောမှာ အဓိက ထောင်ထားတာ ။ အန္တရာယ်တော့အရမ်းများတယ် ။

DW ။ မိုင်း အန္တရာယ်တွေလည်း ကြုံလာပြီဆိုတော့ မိသားစုတွေကရော ရွာမှာကျန်နေသူရှိသေးလား။

ဖြေ ။ ရှိသေးတယ်။ အဖွားတစ်ယောက်က ထားဝယ်မှာ ခေါ်ထားသေးတယ် ။ မပျော်လို့ ရွာမှာပဲ နေချင်တယ်ပြောလို့ ရွာပြန်ထား ထားရတယ် ။ အဖွားကို စောင့်ရှောက်မဲ့ အိမ်သားတွေကျန်သေးတာပေါ့ ။ မြို့မှာက ကျောင်းတက်မဲ့ ကလေးတွေကို ကိုယ်တိုင်ပဲခေါ်ထားရတယ် ။ ရွာထဲက အိမ်ကိုတော့ အရင်လို ရဲရဲတမ်းတမ်း ပြန်ဝင်မရဲတော့ဘူး ။

DW ။ ရွာမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုရော မိုင်းအတွက်စိတ်မပူဘူးလား ။

ဖြေ ။ ပူတယ် ။ ဒါပေမဲ့ ရွာအိမ်က ပစ္စည်းတွေကတော့ အကုန်ရွေ့လိုက်ပြီ ။ အခြေခံလူသုံးပစ္စည်းတွေအားလုံး ရွှေ့ထားလိုက်ပြီ ။ လျှပ်စစ်ပစ္စည်းတွေနဲ့ အိမ်ထောင်ပရိဘောဂ တွေပဲကျန်ပြီ ။ အဲလိုဆိုတော့ ရွာထဲကို ဝင်ဖို့ကိစ္စ သိပ်မရှိတော့ဘူး ။ တစ်ဝက်တော့ စိတ်အေးရတာပေါ့ ။

DW ။ အခြားရွာသားတွေရော ဘယ်လိုနေကြလဲ ။

ဖြေ ။ အကုန်ရွှေ့ကြတယ် ။ အရင်တစ်ခါစစ်ကြောင်းထိုးပြီးတုန်းက ဝင်နေကြသေးတယ်။ အနောက်ပိုင်းရပ်ကွက် တွေမှာနေသူကျန်သေးတယ် ။ အခုက မိုင်းတွေလည်းထောင်တယ် ။ အိမ်မီးရှို့ခံရတာကလည်း နှစ်ဆယ်နီးပါဆိုတော့ ရွာမှာပဲနေမယ်ဆိုသူတွေတောင် မနေရဲကြတော့ဘူး ။ အကုန်သယ်ကြတယ် ။ ရာခိုင်နှုန်းနဲ့ပြောရင် ပြန်နေရဲဖို့ ၂၀ ရာခိုင်နှုန်းတောင်မသေချာဘူး ။ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေပါ မြို့ပေါ်ကျောင်းတွေကို ရောက်ကုန်ပြီ ။ အရင်ကဆို စစ်ကြောင်းထိုးရင် ဘုန်းကြီးကျန်ခဲ့သေးတယ် ။ အခုကရွာမှာနေသူမရှိတော့ ဆွမ်းခံလို့လည်းမရဘူး ။ နီးစပ်ရာကျောင်းတွေနဲ့ မြို့ကျောင်းတွေကို သွားလိုက်ကြတယ် ။

DW ။ မိုင်းတွေကို ဘယ်လိုလုပ်စေချင်လဲ။

ဖြေ ။ အရင်ကတော့ လက်နက်ကြီးကျည်တွေ မပေါက်ကွဲဘဲကျန်နေရင် PDF တွေလာရှင်းပေးတာမျိုးရှိတယ် ။ အခုလည်း မိုင်းတွေကို ရှင်းပေးလို့ရရင်ရှင်းပေးစေချင်တယ် ။ စစ်တပ်ကိုလည်း မိုင်းတွေ ပြန်လာနုတ်ခိုင်းစေချင်တယ် ။ သူတို့ထောင်ထားတာ သူတို့ပဲ သိတယ်လေ ။

DW ။ အခြေအနေတွေ ပြန်ကောင်းသွားရင်တောင်မှ မိုင်းတွေကြောင့် ရွာထဲဝင်လို့ရမယ်လို့ထင်ရဲ့လား။

ဖြေ ။ အဓိက အခြေအနေကောင်းမကောင်းထက် မိုင်းတွေ မရှိတော့ရင်တော့ ပြန်နေလို့ရဲကြပါတယ်။ ခံယူချက်တစ်ခုကတော့ရှိတယ် ။ မောရဝတီ ရေတပ်စခန်းကို တော်လှန်ရေးသမားတွေ သိမ်းနိုင်ပြီဆိုရင် ဇာဒီရွာသားတွေ အိမ်ပြန်နေလို့ရပြီပဲ ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဟိုနားသွားရင် မိုင်းနင်းမိမလား။ ဒီနားသွားရင် နင်းမိမလားဖြစ်နေတာပေါ့”

ညောင်ပင်ပင်ကွင်းရွာ ဒေသခံတစ်ဦး၊ တနင်္သာရီမြို့နယ်

DW ။ ရွာရဲ့မြေမြုပ်မိုင်းနှင့် ပတ်သက်ပြီး အခြေအနေလေးပြောပြပေးလို့ရမလား။

ဖြေ ။ ညောင်ပင်ကွင်းအရှေ့ကမ်းမှာကျတော့ မိုင်းမရှိပေမဲ့ စစ်တပ်ရှိတဲ့ ညောင်ပင်ကွင်းအနောက်ကမ်းမှာကျတော့ မိုင်းတွေရှိတာပေါ့။ အနောက်ကမ်းနဲ့ အရှေ့ကမ်းကို ဆက်ထားတဲ့တံတားမှာလည်း မိုင်းထောင်ထားတာရှိတယ်။ တံတားပေါ်မှာက တွေ့ရသလောက်တော့ အနည်းဆုံး ၃လုံးလောက် ရှိတယ်။မိုင်းကတော့နှစ်ဘက်ထောင်ကြတယ်။ တော်လှန်ရေးဖက်ကဝင်လာရင်လည်း မိုင်းထောင်ကြတယ်။ တော်လှန်ရေးဘက်က ထောင်ထားတဲ့ မိုင်းတွေဆိုရင်တော့ သူတို့ ထွက်သွားရင် ပြန်ဖော်သွားကြပေမဲ့ စစ်ကောင်စီမိုင်းကတော့ ပြန်မဖော်ဘူး။ စစ်တပ်ပတ်ပတ်လည်မှာကျတော့ မိုင်းကြိုးတွေနဲ့ပဲ ချိတ်ဆွဲထားတာများတယ်။ ပင့်ကူအိမ်လိုကိုဖြစ်နေတာ။

DW ။ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်ပြီးပြောပြပေးလို့ရလား။

ဖြေ ။ ရွာမှာတော့ သိရသလောက် မိုင်းနင်းမိတာ ၄ ယောက်လောက်ရှိတယ်။ နင်းမိတာက စစ်တပ်နယ်မြေနဲ့ နီးတဲ့နေရာတွေမှာ နင်းမိတာများတယ်။ တော်လှန်ရေးဘက်က ထောင်ထားတဲ့မိုင်းတွေက ကျန်ခဲ့တာမျိုးလည်းရှိတယ်။ ဒါပေမဲ့ သူတို့မိုင်းတွေက ဆင်ထားမှုက ကွန်ထိုးလ်နှိပ်(အဝေးထိန်းခလုတ်) မှ ကွဲတာမျိုးဆိုတော့ သိပ်မစိုးရိမ်ကြဘူး။ စစ်တပ်က ထောင်တဲ့မိုင်းတွေကျတော့ ဘယ်နေရာမှာ ဘယ်လိုလုပ်ထားတာမသိကြဘူး။ သူတို့(စကစ)နဲ့ နီးတဲ့နေရာတွေကို မသွားကြဘူး။ အလိုလိုပေါက်ကွဲတာမျိုးလည်းရှိသလို အမြဲပေါက်ကွဲနေတာ။ သူ့အလိုလိုကို ထပေါက်ကွဲနေတာမျိုးလည်းရှိတယ်။

DW ။ မိုင်းကြောင့် ရွာဒေသခံတွေ အသွားအလာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေအကြောင်း ပြောပြပါလား။

ဖြေ ။ ရွာမှာက နှစ်လမ်းရှိတယ်။ အခုမောတောင်လမ်းကပိတ်ထားတော့ တံတားကိုဖြတ်နေကြရတယ်။ ခုနတုန်းက ပြောသလိုမျိုး တံတားမှာထောင်ထားတဲ့ မိုင်းက ဘယ်အချိန်ထပေါက်မလဲမသိတော့ အရမ်း အရေးမကြီးရင် မသွားဖြစ်ဘူး။ ဒီကာလနောက်ပိုင်းတံတားကို သိပ်မဖြတ်တော့ဘူး။ မဖြစ်မနေသွားရမယ်ဆိုရင်တောင် တံတားကိုရောက်တဲ့အခါ အမြန်မောင်းသွားရတယ်။ ထပေါက်တဲ့အချိန်နဲ့ ကိုက်သွားမှာ ကြောက်လို့လေ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမှ မသွားချင်ဘူးပေါ့။ အခုက လမ်းကြောင်းတွေလည်း ပိတ်နေတော့ ဒီလမ်းတစ်ခုပဲရှိတော့လေ။ လူတွေလည်းကြောက်ကြောက်နဲ့ပဲ့သွားလာနေကြတာ။

DW ။ ဒီကာလနောက်ပိုင်း မိုင်းနှင့်ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ အရင်လိုပဲ ပိတ်ပင်တားဆီးမှုမရှိပဲ လမ်းကြောင်းကောင်းကောင်းမှာ စိတ်ရှင်းရှင်းနဲ့သွားလာချင်တာမျိုးပေါ့။ ဘယ်နေရာသွားသွား စိတ်ချရတဲ့အနေအထားမျိုးပေါ့။ အခုကျတော့ ဟိုနားသွားရင် မိုင်းနင်းမိမလား။ ဒီနားသွားရင် နင်းမိမလားဖြစ်နေတာပေါ့။ အခုကလူတိုင်း နေရာတိုင်း ခက်ခဲနေကြတော့ အစားအသောက်အတွက် အန္တရာယ်တွေကြားထဲသွားနေရတာမျိုးပေါ့။ အခုထိ စစ်တပ်မိုင်းကျတော့ ပြန်ရုတ်သိမ်းတာမျိုး လုံးဝမရှိဘူးပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“ထောင်ထားတဲ့သူတွေကတော့ လာမဖြုတ်ပေးဘူး။ ဒေသခံကိုယ်တိုင်ပဲ ဘယ်လိုဖြုတ်ရလဲဆိုတာ နည်းစနစ်တွေ လေ့လာပြီး ဖြုတ်လိုက်ရတယ်”

အရှေ့တောဒေသမှ အမျိုးသားတစ်ဦး

DW ။ အရှေ့တောဒေသမှာ KNU နဲ့ KTLA တပ်တွေကလည်း နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတယ်။ စစ်တပ်ကလည်း စစ်ကြောင်းထိုးတာတွေရှိတယ်။ လက်နက်ကိုင်တပ်တွေ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုရှိတယ်ပေါ့လေ။ မိုင်းထောင် ထားတဲ့ နေရာတွေကို ဒေသခံတွေကို ပြောဆိုအသိပေးထားတာမျိုးတွေရှိလား။

ဖြေ ။ တစ်လောတုန်းကတော့ ဥယျာဉ်ခြံထဲမှာမိုင်းထောင်ထားတယ်။အဲဒီနေရာကို မသွားနဲ့ဆိုပြီးပြောထားတာရှိတယ်။ ကျွန်တော်တို့ ရွာနားမှာပဲ။ ကွမ်းသီးခြံထဲမှာပေါ့နော်။ ခြံရှင်က တောသွားခုတ်ဖို့ သွားဖို့လုပ်နေတာ ကို KTLA (ကော်သူးလေတပ်) က ဗိုလ်ဒါးကေအဖွဲ့က သတိပေးတယ်။ အဲဒီနားမှာ မိုင်းရှိတယ် မသွားနဲ့ဆိုပြီး။ တစ်ကယ်လို့သွားလို့ဖြစ်ခဲ့သည်ရှိသော် တာဝန်မယူဘူးဆိုပြီးပြောတယ်။

DW ။ အဲလိုအနေထားမှာ မိုင်းနဲ့ပတ်သက်ပြီး ရွာတွေမှာ အသိပညာပေးတာတွေရှိလား။

ဖြေ ။ ရှိပါတယ်။ တစ်ခါတော့ ကျွန်တော်ကိုယ်တိုင် လူ ၂၀ လောက်ကို မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး အသိပညာ ပေးဖူးတယ်။ ကျန်အဖွဲ့အစည်းတွေတော့ တခြားရွာတွေမှာ စစ်ဘေးရှောင်တွေအတွက် ပစ္စည်းတွေဝေတဲ့အခါ ထည့်သွင်းပြောပြတာတွေရှိတယ်။

DW ။ မြေမြှုပ်မိုင်းနင်းမိလို့ ခြေပြတ်လက်ပြတ် ဖြစ်သွားတဲ့ ဖြစ်စဉ်တွေရှိလား။ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လက်တစ်ကမ်းပေါ့လေ။ ရွာအနီးနဲ့ ဥယာဉ်ခြံထဲမှာ မိုင်းထောင်ထားလို့ လုပ်ကိုင်စားသောက်မရတဲ့ အခြေအနေမျိုးတွေရောရှိလား။

ဖြေ ။ မိုင်းနင်းမိတဲ့ အဲလိုဖြစ်စဉ်တွေတော့မရှိဘူး။ ဥယျာဉ်ခြံတွေထဲမှာ မိုင်းရှိရင် အဲဒီနားကို မသွားနဲ့မိုင်းရှိတယ်ဆိုပြီး ပြောဆိုထားကြတာတွေတော့ရှိတယ်။ တချို့ ရော်ဘာခြံတွေက သူဌေးခြံတွေ မိုင်းရှိလို့ တောခုတ်မရလို့ ပစ်ထားရတဲ့ ခြံတွေရှိပါတယ်။ ဒေသခံခြံတွေလည်းရှိတယ်။

ဟိုတစ်လောက လွန်ခဲ့တဲ့သုံးလလောက်က ဥယျာဉ်ခြံထဲကို မဝင်နဲ့ဆိုပြီး သူတို့ပြောထားတာမှာ ကျွန်တော်နဲ့ အရင်းနှီးဆုံးခြံတစ်ခြံမှာ မိုင်းက အားလုံးစုစုပေါင်း ၅ လုံးရှိတယ်။ ပေါက်ကွဲပြီးတာတွေရော မပေါက်ကွဲသေးတာ တွေရော ရှိနေတယ်။ လိုက်ထောင်တဲ့လူတွေ ကိုယ်တိုင်လည်းပြောတယ်။ လက်ဖက်ရည်ဖိုးပေးပြီးတော့ကို လိုက်ပြခိုင်းတာလည်းရှိတယ်။ ဘယ်နားမှာထောင်ထားလဲဆိုတာ။ ကြာလည်းကြာပြီဆိုတော့ ဖော်ပေးပေါ့လေ။ ဖော်ပေးဆိုတော့ သူတို့လည်း ဖော်မရဲဘူး။ မိုင်းရှိနေတော့ ခြံလည်းဝင်လုပ်စားမရ။ တောထွင်လည်းမရနဲ့ တောထူပြီး ဒီတိုင်းထားထားရတယ်။

သူတို့ကလည်း ဖော်မရဲဘူးဆိုတော့ ခြံရှင်ကိုယ်တိုင်ပဲ နည်းစနစ်တွေကြည့်ပြီး ကိုယ်ကိုယ်တိုင် ဖြုတ်လိုက်တဲ့မိုင်းတွေလည်းရှိတယ်။ လက်လုပ်မိုင်းတွေပေါ့၊ အဲလိုဟာတွေလည်း ကျွန်တော်မြင်ရတယ်။ အဲ့လိုခြံမျိုးက ၅ ခြံလောက်ရှိမယ်။ နွေ(ရာသီ) တုန်းက ပေါက်ကွဲသွားတာတွေနဲ့ဆိုတော့ ခုနက တစ်ခြံစာကတော့ မပေါက်ကွဲသေးဘဲနဲ့ ကျန်နေတဲ့ဟာတွေ ကျန်နေတာပေါ့။

ကြိုးနဲ့တန်းပြီးလုပ်ထားတဲ့ဟာတွေ မပေါက်ကွဲသေးတဲ့ဟာတောင် ၅ လုံးလောက်ရှိတယ်။ ထောင်ထားတဲ့သူတွေကတော့ လာမဖြုတ်ပေးဘူး။ ဒေသခံကိုယ်တိုင်ပဲ ဘယ်လိုဖြုတ်ရလဲဆိုတာ နည်းစနစ်တွေလေ့လာပြီး ဖြုတ်လိုက်ရတယ်။ အခုဆိုတော့ ခြံပြန်လုပ်စားနေကြပြီ။ ကွမ်းသီးလုပ်စားနေပြီ။

DW ။ ဒေသခံတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ရွာထဲ၊ ရွာနားအနီးမှာ ဥယျာဉ်ခြံတွေထဲမှာ မိုင်းထောင်တာတွေမလုပ်ဖို့ စုပြီးပြောဆိုပြတာမျိုးရော မရှိဘူးလား။

ဖြေ ။ ရှိတာပေါ့ ။ အဲဒီခြံရှင်လည်း ပြောနေတယ်။ နောက်တစ်ခုဆို သူ့ခြံထဲမှာ လာမထောင်နဲ့ဆိုပြီး ပြောတော့မယ်တဲ့။ သူတို့ဟာက ထိရောက်မှုလည်းရှိတာမဟုတ်ဘူး၊ ထိရောက်မှုရှိရင်လည်းမပြောဘူး။ အခုက ခြံရှင်တွေမှာပဲ ပြည်သူတွေမှာပဲ ထိခိုက်တယ်ပေါ့နော်။နောက်တစ်ခါ လာထောင်ရင်တော့ သူပြောလွှတ်လိုက်မယ်ပေါ့နော်။ သူ့ကို ပစ်သတ်ချင်ပစ်သတ်ပေါ့ဆိုပြီးပြောဖူးတယ်။

DW ။ မိုင်းနဲ့ ပတ်သက်ပြီး သွားလာတဲ့အခါမှာ စိုးရိမ်စိတ်တွေရှိလား။

ဖြေ ။ ရှိတာပေါ့။ ဖြစ်တာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။