ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးတွင် ကျင်းပပြုလုပ်နေသည့် ၃၂ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ယခုနှစ် ရိုးရာဝါးလက်မှုသင်္ကေတရုပ်အဖြစ် “ဖားစည်နှင့်ကျွဲချို” ရုပ်ကြီးပြုလုပ်ထားကြောင်း ဖန်တီးပြုလုပ်ထားသူများထံက သိရသည်။
ဖားစည်နှင့် ကျွဲချိုရုပ်ကြီးကို ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဒီဇိုင်းနှင့်အချိုးအစား ရေးဆွဲ၍ ဝါးလက်မှုပညာရှင်ဦးစောထွန်းခလုံနှင့် တောင်ကလေးဒေသခံများ စုပေါင်းကာ ၆ ရက်အတွင်းပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့က တောင်ကလေး နှစ်သစ်ကူးကွင်းတွင် ဖားစည်နှင့်ကျွဲချို ရုပ်ကြီးကို နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ဖွင့်ပွဲပြုလုပ်ခဲ့သည်။
ဖားစည် ၏ အမြင့်သည် ၁၅ ပေ ရှိပြီး ကျွဲချို ၏ အမြင့် သည် ၁၉ ပေရှိကာ ဝါးနှင့် ဗီနိုင်းပိတ်စများဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဖန်တီးပြုလုပ်သူတို့ထံမှ သိရသည်။








“လက်မှုအရုပ်ရှိတော့ နှစ်သစ်ကူးပွဲပိုစည်တယ်။ အရုပ်မရှိရင် ပွဲကခြောက်ကပ်နေသလိုခံစားရတယ်။ ကျွန်တော်သိရသလောက် နှစ်သစ်ကူးပွဲမှာ လက်မှုအရုပ်လုပ်တာ တောင်ကလေးတစ်ခုပဲရှိသေးတယ် “ ဟု စောထွန်းလင်းက ပြောသည်။
၂၀၁၅ ခုနှစ်တွင် ကရင်မုဆိုးရုပ်၊ ၂၀၁၆ ခုနှစ်တွင် ကရင်မုဆိုးနှင့် အမဲလိုက်ခွေးအရုပ်၊ ၂၀၁၉ တွင် ဆင်နှင့်လယ်သမားရုပ်၊ ၂၀၂၃ ခုနှစ်တွင် ချိုးငှက်ရုပ် စသည့် ရိုးရာဝါးလက်မှုသင်္ကေတ အရုပ်များပြုလုပ်ခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။
တောင်ကလေးနှစ်သစ်ကူးပွဲတော်တွင် ရိုးရာဒုံးအကပြိုင်ပွဲ၊ လက်ဝှေ့ပွဲ၊ ဘော်လုံးပြိုင်ပွဲ၊ ဖျော်ဖြေရေး၊ ကောက်သစ်စားပွဲနှင့် ဝါးလက်မှုသင်္ကေတအရုပ်တို့ကို ထည့်သွင်းကျင်းပနေကြောင်း ပွဲတော်စီစဥ်သူများထံမှ သိရသည်။