ထားဝယ်မြို့နယ်တွင် ပြည်ထောင်စုကားလမ်းမ၏အရှေ့ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးထားသည့် အမျိုးသားခုနစ်ဦးအနက် တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၅ ရက်ကစ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ရွာစဥ်တစ်လျှောက် ဖမ်းဆီးခေါ်ဆောင်မှု များကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ယင်းအနက် ဒီဇင်ဘာလ ၇ရက်က ပစ်သတ်ခံရသူမှာ မောင်မယ်ရှောင်အုပ်စု၊ ခေါင်တိုင်ပြင်ရွာ ဘုန်းကြီးကျောင်းက ကပ္ပိယ အသက် ၅၀ ဝန်းကျင် အမျိုးသားဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
“အဖမ်းခံရတုန်း ဖုန်းဝင်လာတာ စစ်သားတွေက စပီကာဖွင့်ခိုင်းတယ်။ ဖုန်းထဲကနေ ေ-ွး တွေရှိနေလားလို့ မေးလို့ တစ်ခါတည်း အခြားအတူတူ အဖမ်းခံရသူတွေနဲ့ လူစုခွဲပြီး ပစ်သတ်လိုက်တယ်” ဟု ဖမ်းဆီးခံရရာမှ ပြန်လွတ်လာသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။
စစ်ကြောင်းစထိုးသည့် ဒီဇင်ဘာလ ၅ရက်တွင် အဖမ်းခံခဲ့ရသည့် ညင်းထွေးရွာက ရော်ဘာခြံသမားအမျိုးသားငါးဦးကိုမူ စဖမ်းခေါ်ခဲ့သည့် ရော်ဘာခြံများအနီး ဒီဇင်ဘာလ ၉ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
သို့သော် ညင်းထွေးရွာမှ အမျိုးသားငါးဦးနှင့်အတူ အဖမ်းခံရသည့် ကျောက်ကညှာရွာမှ ရော်ဘာခြံသမားတစ်ဦးကိုမူ စစ်ကောင်စီစစ်ကြောင်းက ဖမ်းထားဆဲဖြစ်ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်စစ်ကြောင်းက တပ်သားအများစုသည် ဒီဇင်ဘာလ ၉ရက်တွင် ထားဝယ်မြို့နယ်၊ ဇလွန်းရွာဘက်မှတစ်ဆင့် စကခ (၈) ဌာနချုပ်အတွင်းသို့လည်းကောင်း၊ ဇဟာရွာဘက်မှတစ်ဆင့် စစ်ကောင်စီအမြောက်တပ်အတွင်းသို့လည်းကောင်း ပြန်ဆုတ်သွားကြောင်း မြေပြင်ရှိတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
သို့သော်လည်း စစ်ကြောင်းထိုးခဲ့သည့် နေရာအချို့တွင် စစ်ကောင်စီတပ်သားအချို့ ဆက်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ဒီဇင်ဘာလ ၅ရက်ကစ၍ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မောင်မယ်ရှောင် ရွာနှင့် ရေဝိုင်းရွာအကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်ဘက်ထိတွေ့မှု နှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး တံတားတစ်စင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သည်။