BREAKING
December 23, 2024

ရန်ကုန်တွင် ပျောက်သွားသည့် တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦး လအတန်ကြာအထိ ရှာမတွေ့

December 10, 2024

ပုံစာ - ပျောက်ဆုံးနေသည့် ကိုအောင်သူထွေး၊ ကိုအောင်ကျော်သူရထွေး (ဝဲမှယာ)

ရန်ကုန်တိုင်း၊ လမ်းမတော်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ယခုနှစ်အတွင်း ပျောက်ဆုံးသွားသည့် တနင်္သာရီတိုင်းက အမျိုးသားနှစ်ဦးသည် ပျောက်ဆုံးပြီး လအတန်ကြာသည်အထိပြန်ရှာမတွေ့သေးကြောင်း မိသားစုများနှင့်နီးစပ်သူများထံမှ သိရသည်။

ပုလောမြို့နယ်၊ ရှပ်ပုံရွာဇာတိဖြစ်သည့် အသက် ၃၂နှစ်အရွယ် ကိုအောင်သူထွေးသည် ရန်ကုန်တွင် ဆေးလာကုသည့် သူငယ်ချင်းဖြစ်သူအား ကူညီပေးရန် လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်၊ နိမ္မိတာရုံဘုန်းကြီးကျောင်းတွင် တစ်ညသွားအိပ်ပြီးနောက် ဇူလိုင်လ ၆ရက် နံနက်တွင် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းကနေ ထွက်လာတာကို မြင်လိုက်တဲ့သူတွေ ရှိတယ်။ မနက် ၆ နာရီလောက် ပြန်ထွက်သွားတယ်။ အဲဒီနောက်ပိုင်း အိမ်ကိုလည်း ပြန်မလာဘူး။ ဘုန်းကြီးကျောင်းကိုလည်း ပြန်မရောက်ဘဲ ကြားမှာ အဆက်အသွယ် ပြတ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုအောင်သူထွေးသည် မွေးရာပါ ညာခြေထောက်တစ်ဖက် မသန်သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက ရန်ကုန်တွင် မိသားစုဝင်အချို့နှင့်အတူ လာရောက် ရွှေ့ပြောင်းနေထိုင်သူဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။

အလားတူ မတ်လ ၉ရက်က ရွှေပြည်သာမြို့နယ်၊ ချင်းတွင်းလမ်းရှိ သာသနာ့ဒီပံကျောင်းတိုက်မှ ပျောက်သွားသည့် လောင်းလုံးမြို့နယ်၊ ပန်းတက်အင်းရွာသား အသက် ၂၀ အရွယ် ကိုအောင်ကျော်သူရထွေးသည်လည်း ယနေ့အထိ ပြန်ရှာမတွေ့သေးကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ကိုအောင်ကျော်သူရထွေးသည် ယင်းဘုန်းကြီးကျောင်းတွင်နေထိုင်၍ ဂျပန်ဘာသာစကား သင်တန်းတက်နေသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကိုအောင်သူထွေးနှင့် ကိုအောင်ကျော်သူရထွေးတို့ နှစ်ဦးစလုံးပျောက်ဆုံးမှုကို လမ်းမတော်နှင့် ရွှေပြည်သာမြို့နယ်ရဲစခန်း တို့တွင် အမှုဖွင့်ထားသော်လည်း လအတန်ကြာသည်အထိ အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်းမရှိသေးကြောင်း မိသားစုဝင်များက ပြောသည် ။

အဆိုပါလူပျောက်မှု နှစ်ခုစလုံးကို လူမှုကွန်ရက်ပေါ်တွင် ရေးသားအကူအညီတောင်းထားရာ လူပျောက်ကြော်ငြာပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ငွေကြေးလိမ်လည်တောင်းခံမှုများ ကြုံရကြောင်း ၎င်းတို့က ဆိုသည်။

ယခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်တွင် ဆေးလာကုသစဉ် ပျောက်ဆုံးခဲ့သည့် ရေဖြူမြို့နယ်၊ ကင်းတောင်ရွာသား ဦးစိုးဝင်ကိုမူ ဧရာဝတီတိုင်း၌ စက်တင်ဘာလ ၄ ရက်တွင် ပြန်လည်အဆက်အသွယ်ရခဲ့ပြီး မိသားစုထံ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။