BREAKING
December 23, 2024

တနင်္သာရီတွင် စစ်ကောင်စီတပ် လမ်းအသုံးပြုခွင့်ပိတ်ပြီး မိုင်းထောင်သဖြင့် စားသောက်ကုန်များပြတ်

December 10, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ရှိ ကားလမ်းအသုံးပြုခွင့်ကန့်သတ်ထားသလို မိုင်းများထောင်ထားသည့်အတွက် ကျေးလက်နေပြည်သူများ အခက်တွေ့နေကြကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၄ရက်နှင့် ၅ရက်တွင် စစ်ကောင်စီတပ်က ဇဝဲလမ်းဆုံမှ တကူကျေးရွာအုပ်စုဘက်သို့သွားသည့် ဇဝဲ-ဖာနီလမ်း တွင် မိုင်းများထောင်ထားသလို ဇဝဲ-ဘန်းလမွတ်ကားလမ်းပေါ်တွင်လည်း မိုင်းထောင်ထားကြောင်း ဒေသခံအချို့ကဆိုသည်။

ထို့အပြင် တနင်္သာရီမြို့မှ တကူ၊ သာရဘွင်နှင့် ဘန်လောကျေးရွာဘက်သို့သွားသည့် မရင်းကြီးရွာလမ်းကိုလည်း ဒီဇင်ဘာ ၉ရက်တွင် စစ်ကောင်စီဘက်က လုံးဝပိတ်ချထားခဲ့ပြီး ဗောဓိကမ်းတံတားမှ ဘန်လော-၆မိုင်ဘက်သွားသည့် လမ်းကိုလည်း ပိတ်ဆို့ထားကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းသို့ စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်ကန့်သတ်ထားပြီး မိုင်းထောင်ထားသဖြင့် တကူ၊ သာရဘွင်နှင့် ဘန်လော ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတင်သွင်းမှု အခက်အခဲကြုံနေရကြောင်း တကူကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ဆန်၊ ဆီတွေကို ဘာမှတင်မရတော့ အစစအရာရာ ဈေးတက်လာတယ်။ အခုလိုသာ ရက်ရှည်အပိတ်ခံထားရရင် ရွာက လူတွေ က ရေသောက်ပြီးပဲ နေရတော့မယ်။ အစားအသောက်ပြတ်လပ်မှုတွေနဲ့ တော်တော်လေးကို ဒုက္ခရောက်လာ နိုင်တယ်” ဟု ၎င်းက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်မီက ငွေကျပ်တစ်သိန်းဝန်းကျင် ဈေးရှိသည့် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲ အထိ ဈေးတက်သွားပြီး လက်ရှိတွင် ဝယ်ယူ၍ပင် မရှိတော့သည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

ထိုသို့လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ကျေးရွာနေပြည်သူများမှာ အရေးပေါ်ကျန်းမာရေး ကိစ္စကြုံလာပါက သွားလာရအခက်အခဲရင်ဆိုင်နေရကြောင်း ကျေးရွာဒေသခံများက ပြောဆိုသည်။

“လူနာကိုဆို လမ်းမပိတ်ခင် တကူကနေ ဇဝဲကိုပို့တယ်။ ပြီးမှ ဇဝဲကနေတစ်ဆင့် ဘိတ်(မြိတ်)ကို သွားတယ်။ အခုက တကူကနေ တနင်္သာရီမြို့ကို လှေနဲ့သွားပြီး အဆင်မပြေမှ ဘိတ်ကို ပြန်ပို့နေရတာမျိုးဖြစ်နေတယ်။ အချိန်ကြာမှုကလည်း တော်တော်လေးကွာတယ်” ဟု တကူကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

တကူကျေးရွာမှ တနင်္သာရီမြို့သို့ ကုန်းလမ်းအတိုင်းသွားပါက တစ်နာရီကျော်သာကြာသော်လည်း တနင်္သာရီမြစ်အတိုင်း လှေဖြင့်သွားလျှင် အနည်းဆုံး သုံးနာရီခန့် ကြာမြင့်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ် (KTLA) တို့အကြား စစ်ရေးတင်းမာနေပြီး အပြန်အလှန် လမ်းပိတ်ထားသဖြင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် စားသောက်ကုန်ပြတ်လပ်မှုအပါအဝင် ကျန်းမာရေးကိစ္စများတွင်ပါ အခက်အခဲဖြစ်နေကြသည်။

တနင်္သာရီမြို့မှ ညောင်ပင်ကွင်းရွာသို့ သွားသည့်လမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်ထားသလို ရေဖြူဘက်မှ ဝင်သည့်လမ်းကိုလည်း KTLA နှင့် စစ်ကောင်စီတို့အကြား တင်းမာမှုကြောင့် ဖြတ်သန်းခွင့် ကန့်သတ်ထားသည်။