BREAKING
January 22, 2025

KNLA တပ်ရင်း ၁၂ က ဒုခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်

December 10, 2024

ပုံစာ - ကော်သူးလေ ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၄ က ဒုတပ်ခွဲမှုးတစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ရင်း ၃ က ဒုတပ်ရင်းမှူးနှင့်အဖွဲ့က ပစ်သတ်လိုက်ဟုဆိုသည်။

ဒီဇင်ဘာ ၈ ရက်တွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူး စောဂျိုးသည် ကစယ်ဒိုမြို့နယ်မှ KNU အုပ်ချုပ်ရေးအရာရှိတစ်ဦးကို လယ်ဒိုစိုးမြို့နယ်ကို ဆိုင်ကယ်ဖြင့် သွားပို့ပြီး အပြန် ညနေ ၅ နာရီခန့်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“သူက ဆာကဆော တပ်မဟာကလားမသိဘူး၊ ဗိုလ်အယ်ခွီးလက်အောက်ခံ ဒါးကေအဖွဲ့က စောင့်ပစ်လို့ဆုံးသွားတယ်။ သူပြန်တဲ့အချိန်မှာ တစ်ယောက်တည်းပဲဆိုင်ကယ်နဲ့။ အညာဖျားရွာလမ်းထိပ်မှာပဲ စောင့်ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ သူတို့က အလောင်းကိုသွားမြုပ်ထားတယ်။ ကျွန်တော်တို့လူကသွားပြန်ယူလာတာ” ဟု ပဒိုစောအယ်နားက ဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် မနှစ်က စစ်ရေးလှုပ်ရှားခဲ့သည့် KNU တပ်မဟာ(၆) KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေကလည်း စောဂျိုး ပစ်သတ်ခံရခြင်းအပေါ် အတည်ပြုပြောဆိုသည်။

“မြို့နယ်အရာရှိတစ်ယောက်လာပို့ပြီး ပြန်သွားတဲ့အချိန်မှာသူတို့ခေါ်ပြီးတော့ ခြေထောက်တစ်ဖက် ပစ်ချိုးပြီးတော့ အဲ့ဒီမှာဖမ်းပြီးတော့ သတ်တာပေါ့၊ ဆိုင်ကယ်နဲ့သွားပို့တာ ရန်သူလည်းမရှိ ဘာလည်းမရှိဆိုတော့ သွားနေကြပဲ လွတ်လွတ်လပ်လပ်ပဲလေ ဘာမှမတွေးထားလို့ အဲ့လိုမျိုးဖြစ်တာ” ဟုဗိုလ်မှူး စောမှူးဂေက ဆိုသည်။

ဒုတပ်ခွဲမှူး စောဂျိုးကို KTLA ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေ(ခ)ဗိုလ်ဒါးကိ တို့တပ်ဖွဲ့က မည်သည့်ရန်ငြိုးရန်စမှမရှိဘဲ အကြောင်းမဲ့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောမှူးဂေက ပြောသည်။

KNLA တပ်ရင်း ၁၂ က တပ်ခွဲမှူး စောဂျိုးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မ၏ တပ်မမှူး ဗိုလ်အယ်ခွီးနှင့် KTLA တပ်ရင်း(၃) ဒုတပ်ရင်းမှူး စောဒါး‌ကေ ကို Dawei Watch က ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ယခုနှစ် အောက်တိုဘာ ၂ ရက်ကလည်း အရှေ့တောဒေသက ခဲနှင့် သံသတ္တုများလာဝယ်သည့် ထားဝယ်မြို့မှ ဦးသန်းကြွယ်၊ ဦးမြင့်လွင်၊ ဦးဆန်နီတို့သုံးဦးကို ပကာရီကျေးရွာတွင် KTLA တပ်ရင်း(၃)က ဗိုလ်ဒါးကေ တို့တပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့သည်။