မြိတ်မြို့ရှိ အသွားအလာများသည့် လမ်းဆုံ၊ လမ်းခွများတွင် တပ်ဆင်ထားသည့် မီးပွိုင့်အချို့ ပျက်နေသည်မှာ နှစ်လကျော်ကြာလာပြီဖြစ်သော်လည်း ပြင်ဆင်မှုမရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။
မြို့ပေါ်ရှိ မီးပွိုင့် ဆယ့်ခြောက်နေရာအနက် ခြောက်နေရာတွင် အောက်တိုဘာလအစမှစပြီး ပျက်နေခြင်းဖြစ်ကာ ယနေ့အထိ မကောင်းသေးကြောင်း မြို့ခံအချို့က ပြောပြသည်။
“မီးပွိုင့်ကပျက်နေတော့ ယာဉ်ကြောရှုတ်တာပေါ့၊ ယာဉ်ကြောရှုတ်တော့ တိုက်မိမလို့ဖြစ်တာ ခဏခဏပါဘဲ” ဟု ကန်ဖျားရပ် ကုန်စိမ်းဈေးဟောင်းလမ်းဆုံအနီးရှိ သုံးဘီးအငှားယာဉ်မောင်း တစ်ဦးက ပြောသည်။
ကုန်စိမ်းဈေးဟောင်းလမ်းဆုံအပါအဝင် တပ်ပြင်ရပ်ရှိ ( လမ်းဆုံလက်ဖက်ရည်ဆိုင်) လမ်းဆုံ၊ ကန်ဖျားမြေနီလမ်းနှင့် ကြံတောလမ်းဆုံ၊ အောင်ဆန်းလမ်းမကြီးနှင့် ရွှေပြည်တန်လမ်းဆုံ၊ ရာပြည့်လမ်းမကြီးနှင့် အောင်မင်္ဂလာလမ်းဆုံ၊ ဆန်းသီရိလမ်းဆုံ စသည့် မီးပွိုင်ခြောက်နေရာတွင် မီးမလာသည်မှာ နှစ်လအကြာအထိ ရှိနေပြီဖြစ်ကြောင်း အငှားယာဉ်မောင်းအချို့က ပြောပြသည်။
ယင်းမီးပွိုင့်များအနက် ကုန်စိမ်းဈေးဟောင်းလမ်းဆုံ၊ တပ်ပြင်ရပ်ရှိ ( လမ်းဆုံလက်ဖက်ရည်ဆိုင်) လမ်းဆုံ၊ ကန်ဖျားမြေနီလမ်းနှင့် ကြံတောလမ်းဆုံတို့သည် ဈေး၊ စာသင်ကျောင်းများနှင့်နီးသဖြင့် အသွားအလာများသောနေရာများဖြစ်သည်။
“မီးပွိုင့်ရှိနေရင် သူ့လမ်းကြောင်းနဲ့ သူမောင်းသွားတာပဲ၊ မီးပွိုင့်မရှိတော့ စည်းမရှိကမ်းမရှိနဲ့ လုမောင်းကြတာ၊ ကိုယ့်လာမတိုက်အောင် သတိထားမောင်းနေရတယ်” ဟု အသက် ၅၀ နှစ်ရှိ ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။
ယာဉ်အသွားအလာများသည့် မီပွိုင့်များတွင် ကျောင်းတက်ကျောင်းဆင်းသည့် အချိန်များ၌ ယာဉ်ကြောပိုကြပ်နေသည့်အတွက် မီးပြန်လာအောင်ပြင်ဆင်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။
မြိတ်တွင် ကရာနီလမ်းဆုံ၊ ကုန်စိမ်းဈေးဟောင်းလမ်းဆုံ၊ တပ်ပြင်ရပ်ရှိ လမ်းဆုံလက်ဖက်ရည်ဆိုင်လမ်းဆုံ၊ ကန်ဖျားမြေနီလမ်းနှင့် ကြံတောလမ်းဆုံ၊ လေယာဉ်ကွင်းလမ်းဆုံ၊ ကြံတော ဗန္ဒုလလမ်းဆုံ၊ ပုလဲမွန်လမ်းဆုံ၊ တောရကျောင်းလမ်းဆုံ၊ အရှေ့သိမ်းကျောင်းအရှေ့၊ ရွှေပြည်တန်လမ်းဆုံ၊ အောင်ဆန်းလမ်းမကြီးနှင့် ရွှေပြည်တန်လမ်းဆုံ၊ ရာပြည့်လမ်းမကြီးနှင့် အောင်မင်္ဂလာလမ်းဆုံ၊ ဆန်းသီရိလမ်းဆုံ၊ ထားဝယ်ကမ်းလမ်းဆုံ၊ နောက်လယ်ရပ်ကွက် စသည်တို့တွင် မီးပွိုင့်များ တပ်ဆင်ထားသည်။