ဆိုင်ကယ်ကို သွားရေး၊ လာရေး၊ ကုန်ပစ္စည်းသယ်တာတွေမှာ သုံးကြပေမဲ့ စပါးနယ်ဖို့နေရာမှာ သုံးဖို့ကိုတော့ တော်တော်များများက စိတ်ကူးမိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်က ကင်းချောင်းရွာက တလင်းမှာတော့ နွားမောင်းသံအစား ဆိုင်ကယ် စက်သံတွေက အစားထိုးနေရာယူသွားပါပြီ။ သူတို့အတွက်ကတော့ ဆိုင်ကယ်ဟာ သွားလာရေး၊ ကုန်ပစ္စည်းသယ်ယူ ရေးအပြင် စပါးနယ်တဲ့နေရာမှာပါ အသုံးဝင်နေပါတယ်။
အဲဒီလို ဆိုင်ကယ်နဲ့စပါးနယ်ဖို့ စလုပ်တဲ့သူက ကင်းချောင်းရွာက ကရင် တိုင်းရင်းသား စောအယ်ဝါးဖြစ်ပါတယ်။ ဒီနှစ်မှာ စလုပ်တာပါ။
“နွားနဲ့ နယ်မယ်ဆို စောင့်နေရတာ ကြာတယ်။ ကျွန်တော်တို့ရွာမှာက နွားတွေကရှားသွားပြီ။ အဲဒါကြောင့် ဘယ်လို လုပ်ရမလဲလို့ ရှာကြံရင်းနဲ့ ဆိုင်ကယ်နဲ့ နယ်မယ်ဆိုပြီး ကျွန်တော်ပဲ စလုပ်လိုက်တာ” ဟု စောအယ်ဝါးက ပြောပါတယ်။
ဆိုင်ကယ်အဟောင်း သုံးစီးလောက်နဲ့ တလင်းမှာ ပတ်မွှေလိုက်လို့ နှစ်နာရီ လောက်ကြာရင် တနယ်စာပြီးသွားပြီ။ ဆိုင်ကယ်နဲ့ နယ်နေတဲ့အချိန် တစ်ယောက် ယောက်က ကောက်လှိုင်းကို အပေါ်အောက် လှန်ပေးနေရပါတယ်။ ပိုမြန်အောင်လို့ ပါ။ ကျန်တာ ထွေထွေထူးထူး ဘာမှ လုပ်စရာမလို။
စောအယ်ဝါးက စခဲ့တဲ့ ဆိုင်ကယ်နဲ့ စပါးနယ်တာဟာ အခုဆို အိမ်ခြေ ၄၀ လောက်ရှိတဲ့ ကင်းချောင်းတစ်ရွာ လုံးနီးပါး လိုက်လုပ်နေကြပါပြီ။
ကရင်တိုင်းရင်းသားတွေဟာ မိသားစု စားဖို့အတွက် တောင်ယာစပါးတွေကို စိုက်ပျိုးလေ့ရှိပါတယ်။ မိုးဦးကျကာစမှာ စိုက်ပြီးတော့ အခုလို ဆောင်းရာသီအစမှာ ရိတ်သိမ်းကြပါတယ်။ စပါးနယ်မယ် ဆိုရင်တော့ နွားနဲ့ နယ်ကြတဲ့သူတွေ ရှိသလို စပါးနည်းနည်းပဲ စိုက်တဲ့သူတွေကတော့ ကိုယ်တိုင်ခြေနဲ့နင်းပြီးစပါးနယ် ကြပါတယ်။
များသောအားဖြင့်တော့ နွားနဲ့ နယ်ကြတဲ့သူတွေများပါတယ်။ စောအယ်ဝါး လည်း သူ့စပါးတွေကို နွားနဲ့နယ်မလို့ပါပဲ။ ဒါပေမဲ့ နွားကရှာလို့မရဘူး။ ရှိတဲ့ နွားတိုင်းကလည်း စပါးနယ်လို့မရ။ လူရိုင်းတဲ့နွား၊ ဝှေ့တတ်တဲ့နွားတွေဆို စပါးနယ်လို့အဆင်မပြေဘူးလို့ စောအယ်ဝါး က ရှင်းပြပါတယ်။
အဲဒီအပြင်မှာ သူတို့ရွာမှာက နွားတွေတဖြည်းဖြည်းရှားလာနေပါတယ်။ လွှတ်ကျောင်းထားတဲ့ နွားတွေက ဥယျာဉ်ခြံတွေထဲ ဝင်ပြီး အစာရှာကြတော့ လျော်ကြေးပေးရတာရယ်၊ အချို့ ကရင်တိုင်းရင်းသားတွေ နေတဲ့ရွာတွေမှာဆိုရင် နွားစားကျက်တွေ ပျောက်လာတာရယ်တွေကြောင့် နွားမွေးတဲ့သူတွေ ရှားပါးလာနေပါလို့ဆိုပါတယ်။
နွားစားကျက်နေရာတွေမှာ ရာဘာ၊ ကွမ်းသီး၊ ဆီအုန်းလိုမျိုး အပင်တွေစိုက် လာကြပါတယ်။ အဲလိုစိုက်တဲ့နေရာမှာ ဒေသခံတောင်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ကြတာရှိသလို လုပ်ငန်းရှင်တွေကနေ စိုက်ကြတာလည်း ပါဝင်ပါတယ်။
“နွားသွားငှားရင် မျက်နှာငယ်ရ တယ်။ ဒီမှာ နယ်ပြီးမှ လာမယ်၊ ဟိုမှာနယ် ပြီးမှ လာမယ်ဆိုပြီး စောင့်နေရင် ကိုယ့် စပါးပဲ ပျက်မှာ” လို့ စောအယ်ဝါးက ဆိုပါ တယ်။
စောအယ်ဝါး ဆိုင်ကယ်နဲ့ စပါးနယ်ဖို့ စလုပ်ရတဲ့ အကြောင်းအရင်း နောက်တစ်ခုကတော့ ရာသီဥတုအခြေအနေပါ။ ဒီနှစ်မိုးရာသီတလျှောက်လုံး သိပ်မရွာခဲ့တဲ့မိုးက သူ့စပါးတွေနယ်ဖို့ လုပ်နေတဲ့အချိန်ရောက်မှ ရွာမယ်တကဲကဲ ဟန်ရေးပြင်နေပါတော့တယ်။
မိုးကိုကြောက်လို့ မြန်မြန်စပါးနယ် ဖို့ပြင်တော့ နွားကငှားမရ။ အဲဒါနဲ့ စောအယ်ဝါးက အိမ်မှာရှိတဲ့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်အဟောင်းနှစ်စီးကို ထုတ်သုံးပြီး စပါးနယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
“နွားနဲ့ဆိုရင် နေပူရင် မလုပ်နိုင်ဘူးလေ။ ဆိုင်ကယ်နဲ့ကျတော့ နေပူပူ ဘာပူပူ မောင်းနိုင်တာကိုး။ စပါးလည်း အကျမြန်တယ်လေ” လို့ စောအယ်ဝါးက ဆိုပါတယ်။
ကုန်ကျစရိတ်ကလည်း ကိုယ့်အိမ်မှာ ဆိုင်ကယ်ရှိတယ်ဆိုရင် ဆီဖိုး ထောင် ဂဏန်းလောက်ပဲဆိုတော့ စောအယ်ဝါးရဲ့ ဆိုင်ကယ်နဲ့ စပါးနယ်တဲ့နည်းက တော်တော်လေးကို အဆင်ပြေနေကြပါတယ်။
ကင်းချောင်းရွာသားအချို့ဆိုရင် အခကြေးငွေယူပြီးသူ့တို့ရွာထဲပတ်ပြီး ဆိုင်ကယ်နဲ့ စပါးလိုက်နယ်နေကြပါပြီ။ ဈေးနှုန်းကတော့ နွားနဲ့နယ်သလိုပါပဲ။ စပါး ၁၀ တင်းကို နယ်ခ တစ်တင်း။
အခုတော့သူတို့တစ်ရွာလုံး ဆိုင်ကယ်နဲ့ စပါးနယ်တာကို တော်တော် သဘောကျနေကြပါတယ်။ ဆိုင်ကယ်ဟာ စပါးနယ်တဲ့နေရာမှာ အလွန်သုံးဝင် တယ်ဆိုတာကို သူတို့သိသွားပါပြီ။ နောက်လာမယ့်နှစ်တွေမှာ သူတို့ရွာရဲ့ စပါးနယ်စက်ယန္တရားက ဆိုင်ကယ်ဖြစ် လာတော့မှာပါ။
“အရင်ကလို ကျွန်တော်တို့ သူများအားကိုးနေစရာမလိုတော့ဘူး။ လူလည်း သက်သာတယ်၊ မြန်လည်း မြန်တယ်ဆိုတော့ ဆိုင်ကယ်နဲ့ပဲ လုပ်တော့မယ်” လို့ စောအယ်ဝါးက ဆိုပါတယ်။
ကျော်သူစိုး