ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ပင့်ဆောင်ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် ကိုယ်စားတော်၊ ရုပ်ပွားတော်များကို ယနေ့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းကစ၍ ထားဝယ်ဘုရားကြီး အတွင်းသို့ ပြန်လည်ပို့ဆောင်နေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများကို ထားဝယ်ဘုရားကြီးတွင် ယနေ့ ညမှစ၍ လေးညတာ အပူဇော်ခံပြီးနောက် နိုဝင်ဘာလ ၁၄ ရက် တန်ဆောင်တိုင် အဖိတ်နေ့ နေ့ခင်းဘက်တွင် ထားဝယ်မြို့တွင်းလှည့်လည်မည်ဖြစ်သည်။
သီတင်းကျွတ်ကာလပြီးနောက် ထားဝယ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်နှင့် လူငါးဦးထက်ပိုမစုရအမိန့်တို့ကို ထပ်မံထုတ်ပြန်ထားသော်လည်း ယနေ့ဘုရားပို့ရာတွင် ဘုရားကြီးအနီးနှင့် လမ်းများတွင် စစ်ကောင်စီတပ်သာများ လုံခြုံရေး ယူထားခြင်းမရှိကြောင်း ဘုရားပို့လိုက်ပါသူများကပြောသည်။
ကိုဗစ်မတိုင်မီက ဘုရားပို့နေ့တွင် ရပ်ကွက်အသီးသီး၌ ဘုရားများကို ညလုံးပေါက်လှည့်လည်အပူဇော်ခံပြီး၍ မနက်အရုဏ်တက်ခါနီးမှသာ ဘုရားကြီးအတွင်းသို့ ပို့ဆောင်လေ့ရှိခဲ့သည်။

















အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကျင်းပသည့် ဘုရားပွဲနှစ်ကြိမ်တွင်မူ ညမထွက်ရအမိန့်ကြောင့် ည ၈ နာရီ မတိုင်မီကတည်းက ဘုရားအားလုံးနီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း မြို့ခံဘုရားဖူးများက ဆိုသည်။
ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲကို ကိုဗစ်ကာလကတည်းက ရပ်နားထားပြီး ယမန်နှစ်မှစ၍ ညဘက်အစား နေ့ဘက်တွင် ပြန်လည် လှည့်လည်အပူဇော်ခံခဲ့သည်။
ယခုနှစ်တွင်လည်း ထားဝယ်တန်ဆောင်တိုင် ဘုရားပွဲကို ၁၁၂ ကြိမ်မြောက်အဖြစ် ယမန်နှစ်ကကဲ့သို့ နေ့ဘက်သာ လှည့်လည် အပူဇော်ခံမည်ဟု ထားဝယ်ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြေညာထားသည်။