BREAKING
November 21, 2024

မီးပိုစားတဲ့ အေအိုင် နဲ့ တွေးဆစရာများ

November 10, 2024

လောကဓာတ်သိပ္ပံဆရာတွေ ထွင်လိုက်တဲ့ ဉာဏ်ရည်တု (အေအိုင်) ဟာ ဒီကာလမှာ လူပြောသူပြော များလာတဲ့ ကိစ္စပါပဲ။ ဒီလိုပြောရတာကလည်း အေအိုင်နဲ့ ပတ်သက်လို့ တွေ့ရကြုံရတာတွေဟာ ဆေးလည်းဖြစ်သလို ဘေးလည်းဖြစ်တယ်ရယ်လို့ဆိုကြလို့ပါပဲ။

ဒီတော့လည်း ဒီလိုဆန်းသစ်မှုတွေကို သတိနဲ့ ကိုင်တွယ်ကြဖို့၊ ချဉ်းကပ်ကြဖို့ ပြောကြ ဟောကြ ထောက်ပြကြတာတွေရှိလာတာပ။

ပထမဆုံး အေအိုင်နဲ့ ပတ်သက်လို့ ပြောကြရတာက အေအိုင်ဟာ မီးအတော်စားသတဲ့။

စွမ်းအင်များများ သုံးရတယ်ပေါ့။ ရိုးရိုး ဂူးဂဲလ်မှာ တခုခုရှာတာနဲ့ ဒီကနေ့ သိကြတဲ့ Chat GPT မှာရှာတာ အမြန်နှုန်းကွာသလို သိရတဲ့ သတင်း အချက်အလက်ကလည်း ကွာတယ်။

ဒီလိုကွာသလိုပဲ မီးစားနှုန်းလည်း အတော်ကွာတယ်တဲ့။ ဂူးဂဲလ်မှာရှာတာနဲ့စာရင် Chat GPT မှာအချက်အလက်ရှာတာက မီးစားနှုန်း ၁၀ ဆထက်မက ပိုကုန်နိုင်တယ်တဲ့။

အလွယ်နားလည်ရရင် မြန်မြန်နဲ့ အချက်အလက်စုံရဖို့ ဒေတာစင်တာတွေက စွမ်းအင်ပိုသုံးရတယ်။ အဲဒီတော့ ပိုသုံးလာရတဲ့ စွမ်းအင်တွေဟာ အဓိကအားဖြင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရတာမို့ ကာဗွန်ပိုထွက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု ပိုတယ်လို့ ယေဘုယျ ယူဆနိုင်တယ်။

မိုက်ခရိုဆော့ဖ် အချက်အလက်အချို့အရဆိုရင် ၂၀၂၀နောက်ပိုင်းမှာ ဒေတာ စင်တာတွေ တိုးချဲ့လာရတဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုဟာ ၃၀ ရာခိုင်နှုန်းမြင့်တက်လာတယ်။

ဂူးဂဲလ်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မှတ်တမ်း (၂၀၂၃) အရကလည်း ၂၀၁၉ ခုနှစ်ကနဲ့စာရင် ၅၀ ရာခိုင်နှုန်းတိုးလာတယ်၊ ဒါက အဓိကအားဖြင့် ဒေတာ စင်တာတွေနဲ့ ပတ်သက်တဲ့ စွမ်းအင်လိုအပ်ချက်များလာလို့ဖြစ်တယ်လို့ဆိုတယ်။

ဒီတော့ မကြာမီမှာ အေအိုင် ကို အကြောင်းပြုလို့ စွမ်းအင်လိုအပ်မဲ့ ပမာဏဟာ အဆပေါင်းများစွာ ခုန်တက်လာလိမ့်မယ်။

ထို့အတူပဲ ကာဗွန် ထုတ်လုပ်မှုဟာလည်း အေအိုင် အကြောင်းပြုလို့ တက်လာနိုင်ပြီး ကမ္ဘာကြီးပူနွေးမှုနဲ့ ဆက်စပ်တဲ့ ရာသီဥတု ကမောက်ကမဖြစ်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှုတွေဟာ ကျွဲကူးရေပါ များလာနိုင်တယ်လို့တွက်ဆကြတယ်။

ဒေတာစင်တာတွေ များများပိုင်၊ များများတိုးချဲ့ ဆောက်ပြီး အေအိုင် နဲ့ စီးပွားရှာမယ့် လုပ်ငန်းကြီးတွေဟာ ရေရှည်မှာ သူတို့လုပ်ငန်းအတွက် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီဖို့ ကြံလာနေကြပါပြီ။ တချို့ဆိုရင် ခြေတလှမ်းလှမ်းထားပြီးသား။ တချို့ ကုမ္ပဏီကြီးတွေဆိုရင် အသေးစား နျူဓာတ်ပေါင်းဖိုတွေလည်ဖို့ အားထုတ်နေကြပြီ။

တချို့ လုပ်ငန်းတွေကလည်း လျှပ်စစ်မီး ဈေးပေါပေါနဲ့ ရေရှည်တည်တည်ငြိမ်ငြိမ် ရနိုင်မယ့် နိုင်ငံတွေမှာ သူတို့ ဒေတာ စင်တာတွေ ဆောက်ဖို့ လုပ်ထားကြပြီလို့ ဆိုပါတယ်။ ဒီလိုဖြစ်လာနေတာဟာ သဘာဝ ပတ်ဝန်းကျင်အရေး စိုးရိမ်သူတွေအဖို့တော့ အချက်ပေးဥဩသံညံနေတာပါပဲ။ အေအိုင် အတွက် ပျက်လာရမယ့် သဘာဝ ပတ်ဝန်းကျင်အရေး နဲ့ အခြား လူမှု စီးပွား အကျိုးအဆက်တွေ ရှိလာနိုင်တယ် မဟုတ်လား။

နောက်စိုးထိတ်ဗျာပါရှိကြတာကတော့ အေအိုင် ကိုချည်းအားကိုးပြီး ကိုယ်တိုင်တော့ မညှစ်ချင် အားမထုတ်ချင်ဘဲ လူစွမ်းလူစ တုံးလာမှာကို စိုးကြတာပါပဲ။ မကြာသေးမီနှစ်တွေက တက္ကသိုလ်တွေ၊ ပညာရေးအဖွဲ့တွေကြားမှာ အေအိုင်နဲ့ ပတ်သက်လို့ ခေါင်းကိုက်ခဲ့ကြတဲ့ ကိစ္စတွေ တသီကြီး ထွက်လာခဲ့ ဖူးတယ်။

ကျောင်းသူ/သားတွေဟာ အေအိုင်ရဲ့ အကူအညီနဲ့ အိမ်စာတွေအလွယ်လုပ်၊ စာစဉ်တွေတင်၊ စာတမ်းတွေ ရေး ဖြတ်ညှပ်ကပ်လုပ်ကြသတဲ့။ စာစစ်တဲ့သူအဖို့လည်း ဒါဟာ ကျောင်းသူ/သား ကိုယ်တိုင်က ရေးတာလား၊ အေအိုင်က ရေးပေးတာလား ခေါင်းခြောက်ကြရသတဲ့။

ကျောင်းသူ/သားတွေကိုယ်တိုင်က စာအုပ်တွေ သေချာမဖတ်တော့ဘဲ အေအိုင်က ဖန်တီးပေးတဲ့ အနှစ်ချုပ်တွေ၊ အဓိက အချက်တွေ၊ လိုတိုရှင်း စာတို တွေကိုပဲ အတည်ယူပြီး အကောက်အယူလွဲမှာကို စိုးရိမ်လာသူတွေရှိတယ်။

လူသားဟာ ကိုယ်တိုင် ဖတ်ရှု၊ ရေးသားရင်းနဲ့မှ ဝေဖန်ပိုင်းခြားစဉ်းစားတာ၊ အသစ်အဆန်းတီထွင်ဖန်တီးတတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖြစ်တာမျိုးဖြစ်တယ်လို့ဆိုတယ်။ ရှုပ်ထွေးပွေလီလှတဲ့ လောကီဇာတ်ခုံကိုနားလည်ဖို့ဆိုရင် အေအိုင် တခုတည်းကို ယုံမှတ်လို့ ပုံအပ်လိုက်တာမျိုး မလုံလောက်ဘူး၊ အဲလိုမျိုး မဖြစ်စေချင်ဘူးလို့လည်း တချို့ထောက်ပြလာကြတယ်။

နောက်စိုးရိမ်လာရတဲ့ကိစ္စကတော့ အေအိုင်ကိုသုံးပြီး ရာဇဝတ်မှုတွေ၊ ကျင့်ဝတ်နဲ့မညီတဲ့ စီးပွားရေးတွေ အားကောင်းလာမယ့် ကိစ္စပါပဲ။ အွန်လိုင်းကနေလိမ်လည်မှုတွေ၊ အယုံသွင်းတာတွေ၊ ခြိမ်းခြောက်တာ၊ ဖြားယောင်းတာတွေဟာ အေအိုင် နည်းပညာကို သုံးပြီး ပိုလို့တိုးလာမယ့်သဘောရှိနေတယ်။

အတုအစစ် ခွဲဖို့ သိပ်ခက်လှတဲ့ ပုံတွေ၊ ရုပ်သံတွေနဲ့ ခြိမ်းခြောက်ငွေညှစ်တာ၊ မိသားစုဝင်တယောက်လိုမျိုးဟန်ဆောင် ဆက်သွယ်ပြီး အရေးကြီးအချက်အလက်တွေ ခိုးယူတာ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လျှို့ဝှက် ရယူပြီး အမြတ်ထုတ်တာ စတဲ့ အဖြစ်အပျက်တွေများစွာ ပိုလို့များလာနိုင်ပါတယ်။

အခုဆိုလူတွေရဲ့ ဒေတာတွေကို အချိန်မရွေး ဖုန်း၊ ကွန်ပျူတာ၊ နာရီ၊ စီစီတီဗီ၊ ဘဏ်ကတ်၊ အက်ပ်အမျိုးမျိုး စတာတွေကနေ ရယူနေတဲ့ ကုမ္ပဏီကြီးအချို့ဟာ ဒီဒေတာတွေကို အရင်းပြုလို့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်မှုတွေ ရှိလာနေတယ်လို့လည်း ထောက်ပြလာကြပါတယ်။ ဒီလိုဒေတာတွေကို နိုင်ငံရေးကိစ္စတွေမှာ ကျင့်ဝတ်နဲ့ မညီဘဲ သုံးလာနေတဲ့ကိစ္စတွေလည်း သတိထားစောင့်ကြည့်နေကြရပါတယ်။

မလွတ်လပ်တော့တဲ့ စောင့်ကြည့်ခံ လူ့ဘဝဖြစ်လာမှာကိုလည်း အေအိုင်နဲ့ ပတ်သက်လို့ စိုးရိမ်ကြတဲ့အထဲမှာ ပါပါတယ်။ အွန်လိုင်းကနေ ပုံရိပ်ယောင်ကမ္ဘာ (Virtual World) ထဲမှာ လူတွေဟာ လွတ်လပ်လာကြလိမ့်မယ် လို့ တွေးထင်ခဲ့ မိနိုင်ပါတယ်။

တကိုယ်ရည်စာ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အွန်လိုင်းပေါ်က လူမှုကွန်ရက်တွေမှာ၊ အက်ပ်တွေမှာ ကိုယ်ဘယ်သူလဲဆိုတာ အခြားသူမသိအောင် ဟန်ဆောင်ပြီးနေနိုင်၊ ကြည့်ချင်တဲ့ ဝဘ်ဆိုက်တွေ၊ ရုပ်သံ၊ စာသား၊ ဓာတ်ပုံတွေ ဝင်ကြည့်၊ ဖတ်ရှု ခံစား၊ အပြင်မှာ မသိတဲ့ သူစိမ်းတယောက်နဲ့ ရေးချင်ရာရေး၊ ပြောချင်ရာပြော၊ ပို့ချင်တာပို့၊ ပြချင်တာပြလို့ရလာတာမျိုးမို့ လွတ်လပ်တယ်လို့လည်း ခံစားမိမှာပါ။ အပြင်က လူနဲ့ အွန်လိုင်းပေါ်က လူပေါ့။

ဒါပေသိ တကယ်တော့လည်း အဲသည် တကိုယ်ရည်သုံး ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြားသော ပစ္စည်းကိရိယာတွေကပဲ ကိုယ့်ကို အနီးကပ်စောင့်ကြည့်ပြီး ကိုယ့်ဆီက ဒေတာ အချက်အလက်တွေ ယူနေတာပါပဲ။ ဖုန်းတွေဟာ ကိုယ့်ကိုယ်စောင့်ကြည့်နေတဲ့ စီစီတီဗီလို၊ ကိုယ်ပြောတာကို နားထောင်နေ၊ ခြေရာခံနေတဲ့ စပိုင်လိုပါ။

ကိုယ်ရဲ့ လက်ချောင်းလေးတွေက ဘယ်ပို့စ်ကို ဘယ်လောက်ကြာကြာနှိပ်တယ်၊ ဘယ်လောက်ဖတ်တယ်၊ ကီးဘုတ်က စာသားတွေကို ဘယ်လိုရိုက်တယ်၊ ဘယ်စာလုံးအသုံးများတယ်၊ ဘယ်လိုဝါကျတွေ ရေးတယ်၊ ဘယ်ဝဘ်ဆိုက်မှာ ဘာတွေဝင်ဖတ်၊ ဘယ်လို ကားတွေကြည့်၊ ဘယ်အကောင့်ကို ဘာတွေ ရေး၊ အသံတွေ ပုံတွေ၊ ရုပ်သံတွေ ပို့တာတွေကိုလည်း သူတို့က မှတ်ထားပြီး သက်ဆိုင်ရာ ဒေတာ စင်တာတွေ၊ အဖွဲ့တွေဆီ ပုံမှန် ပို့ပါတယ်။ အဲဒီဒေတာတွေက အေအိုင် ကိုအားကောင်းလာအောင်အထောက်ကူပြုနိုင်ပါတယ်။ ဒီဒေတာတွေကိုသုံးလို့ လူတွေကို ဆွဲဆောင်ဖြားယောင်းဖို့ရာမှာ ပိုသုံးလာနိုင်ပါတယ်။

နိုင်ငံတချို့မှာတော့ လူတွေရဲ့ ဇီဝအချက်အလက်တွေအားလုံးကို အစိုးရက ရယူလိုက်ပြီး အေအိုင်သုံးလို့ လူတွေကို ထောက်လှမ်းစောင့်ကြည့်တာမျိုးရှိလာပါတယ်။ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘာဝယ်တယ်၊ ဘယ်နေရာမှာ ဘယ်သူနဲ့ ဘယ်လောက်ကြာကြာရှိနေခဲ့တယ်၊ ဘာတွေပြောနေခဲ့တယ် ဆိုတာတွေကို အစိုးရဌာန အချို့က ဆားပုလင်းနှင်းမောင်လို စုံထောက်တွေ မရှိဘဲလဲ သိနေနိုင်ပါပြီ။

လူရှင်းတဲ့နေရာမှာ ဥပဒေ စည်းကမ်းချိုးဖောက်ပြီး ဘယ်သူမှ မသိပါဘူးလေလို့ လုပ်လို့မရသလို ရဲကလည်း အိမ်တိုင်ရာရောက် တံခါးခေါက် အသာလေး ဖမ်းလို့ရနေတဲ့ အနေအထားမျိုးပါ။ ဒီတော့လည်း အထိန်းအချုပ် အစိုးမိုးမခံလိုတဲ့ လွတ်လပ်လိုတဲ့ သူတွေ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် တန်ဖိုးထားသူတွေ အတွက်တော့ အေအိုင်ဟာ စိုးမိုးချုပ်ကိုင် လိုသူတွေအတွက် အစွမ်းထက် ဝရဇိန်ဖြစ်လာမှာကို စိုးတာပါပဲ။

ချုပ်ရရင်တော့ မီးပိုစားတဲ့အေအိုင်ဟာ အသွားနှစ်ဖက်နဲ့ ဓားလို့ဆိုရမှာပါပဲ။ အကောင်းကော အဆိုးပါ ဒွန်တွဲနေတယ်လို့ လည်း မှတ်ချက်ပြုကြတာပါ။ ပညာရှင်အချို့ကတော့ အေအိုင်လိုမျိုးကို လူ့အများစုရဲ့ အကျိုးအတွက် မရှိမဖြစ်သုံးရမယ့် သုတေသန၊ တွက်ချက်မှု၊ ဆေးပညာနဲ့ အခြားသော ခဲရာခဲဆစ် တွက်ချက် သုံးသပ်ရတာတွေမှာသာ အကန့်အသတ်နဲ့ သုံးဖို့ အကြံပြုတာရှိပါတယ်။

မိမိအနေနဲ့တော့ နိစ္စဓူဝ အပျင်းပြေသုံးတာ၊ ကိုယ့်ဉာဏ်ကို မလွှာဘဲ အေအိုင် အားကိုးနဲ့ပဲ စာလုပ်တာတွေ ကူးချ၊ ဖြတ်ညှပ်ကပ်လုပ်တာတွေမျိုးမှာတော့ မသုံးသင့်ဘူးလို့ယူပါတယ်။ ကိုယ်ခလုတ်တချက်နှိပ်တဲ့အတွက် ထွက်လာမဲ့ကာဗွန်နဲ့ ပတ်ဝန်းကျင်အရေးကိုလည်း သတိရှိစွာ၊ ကိုယ့်ကိုယ် စောင့်ကြည့်ပြီး ဒေတာယူနေတာကိုလည်း သတိကြီးကြီးနဲ့ ချဉ်းကပ် သုံးဖို့ တွေးမိပါတယ်။

ငုယဉ်ခိုင်

Ref: Why ChatGPT can’t write for you | David Savill | TEDxUniversityofSalford

No related posts found.