BREAKING
December 22, 2024

မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

November 10, 2024

ပုံစာ - မြိတ်မြို့တွင်းတစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွါးမှုများနေပြီး လူသေဆုံးမှုပါရှိလာကြောင်းမြိတ်ပြည်သူ့ဆေးရုံကြီးက အမည်မဖော်လိုသည့် ကျန်းမာရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

မြိတ်မြို့ပေါ်တွင် အောက်တိုဘာလ နောက်ဆုံးအပတ်မှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်သူများ စတွေ့လာရပြီး နိုဝင်ဘာလ လဆန်းတွင် ဖြစ်ပွားမှုနှုန်း ပိုများလာကြောင်း မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှ သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လှေလုပ်သားများတွင် အဖြစ်များနေပြီး မြို့ပေါ်တွင်လည်း လူကြီးအပြင် ကလေးများပါ ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

လတ်တလောအခြေအနေ၌ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် တစ်ရက်လျှင် ပျမ်းမျှလူ ၃၀ ခန့် ဆေးရုံတက်နေရပြီး ကာလဝမ်းရောဂါပိုး သံသယရှိသူ ၇ ဦးကို သီးသန့်ထား စောင့်ကြည့်နေကြောင်း မြိတ်ဆေးရုံကြီးက နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

“လာတဲ့လူနာတွေက သွေးပေါင်တိုင်းမရဘူး။ ပုလင်းကြီး လေးလုံးလောက်ချိတ်မှ သွေးပေါင်ပြန်တိုင်းလို့ရတယ်။ ရက်ကြာတဲ့လူနာတွေက ပုလင်းကြီး အများကြီးဝင်မှ ‌သွေးပေါင်ပြန်တိုင်းလို့ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကာလဝမ်းရောဂါ အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် မြိတ်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူကို ဆက်သွယ်နေဆဲဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားပါက သေဆုံးသည်အထိ ဖြစ်နိုင်၍ နီးစပ်ရာဆေးရုံများထံ သွားရောက်ကုသသင့်ဟု ကျန်းမာရေးဝန်ထမ်းများက အကြံပြုသည်။

“အဓိက ကတော့ ဝမ်းသွားတယ်။ အရည်သီးသန့်ပေါ့။ ပြီးရင် အန်တယ်။ လူနုံးပြီး ဆီးနည်းလာမယ်။ နှုတ်ခမ်းဖြူဖျော့မယ်။ အဲလိုအခြေအနေတွေဆိုရင် အရေးပေါ် ဆေးရုံတင်သင့်တယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့လာသည့် ရေလုပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံ လူမှုကူညီမှုအသင်းတစ်ခုက ၎င်းတို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။