BREAKING
December 22, 2024

ပုလောတွင် စစ်ကြောင်းပြန်ထွက်သွား၍ စစ်ရှောင်များက စုပေါင်းဘုံကထိန်ကျင်းပ

November 10, 2024

ရက်ရှည်တိုက်ပွဲ ပြင်းထန်နေသည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန် ဒေသခံစစ်ဘေးရှောင်များက စု‌ပေါင်းဘုံကထိန် ကျင်းပခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင် ကထိန်အလှူပွဲလုပ်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်သား အင်အားရာချီ အသုံးပြုကာ စစ်ကြောင်းထိုးလာသဖြင့် အလှူရက်ကို နောက်ဆုတ်လိုက်ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲရွာ၊တပိုရွာ၊ ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်၊မင်းပြင် စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင်မူ ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထား‌သည့် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားသည့်အတွက် အလှူပွဲကို အားချင်းပြန်လည်စီစဉ်ပြီး အကျဉ်းရုံးကျင်းပခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုရွာဘုန်းကြီးကျောင်း၌ပင် ဘုန်းကြီး ၇ ပါး ပင့်ဖိတ်ကာ ဒေသခံပြည်သူ ၅၀ ဝန်းကျင်ဖြင့် အလှူကျင်းပခဲ့ခြင်းဖြစ်သည်။

“ကထိန်အတွက် စုဆောင်းထားတာလေးတွေရှိတော့ မဖြစ်မနေလုပ်လိုက်ရတာ။ အနီးအနားရွာတွေလည်း အကျဉ်းချုံးလုပ်နေတယ်။ စက်တော်ရာရွာမှာတော့ ကထိန်ပွဲဖျက်လိုက်တယ်”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ကြဲရွာနှင့် စက်တော်ရာကျေးရွာများတွင် စစ်ကောင်စီတပ်သားများ ရှိနေဆဲဖြစ်သော်လည်း တပိုကျေးရွာမှ ဘိုင်းပြင်ရွာအထိ စစ်ကောင်စီတပ်သားများ မရှိတော့ကြောင်း ဒေသခံစစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ပြန်ဆုတ်သွားချိန်တွင် အခြေအနေငြိမ်သက်နေသဖြင့် ရွာအတွင်းပြန်ဝင်ကာ ကထိန်အလှူပြုလုပ်ခဲ့ကြောင်း တပိုရွာနေ စစ်ရှောင်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“အနီးအနားမှာစစ်သားရှိနေတော့ ကျောမလုံဘူး။တိုးတိုးတိတ်တိတ်ပဲ ထမင်းဟင်းချက်ရတယ်။ လျှပ်စစ်မီးမထွန်းရဲလို့ ဖယောင်းတိုင်ပဲသုံးရတယ်”ဟုသူကဆိုသည်။

အဆိုပါဒေသတွင် ပွင့်လင်းရာသီရောက်တိုင်း ကထိန်အလှူပွဲ၊ မင်္ဂလာပွဲများဖြင့် စည်ကားလေ့ရှိသော်လည်း အောက်တိုဘာ ၁၄ မှစကာ စစ်ကောင်စီတပ်က အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် ဒေသခံထောင်ပေါင်းများစွာက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။