BREAKING
January 26, 2025

စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံမှု ဂယက်

November 10, 2024

ပုံစာ - ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင်ကို နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ် (AFP)။ ဓာတ်ပုံ - Kannavee Suebsang (The Standard)

စစ်အာဏာသိမ်းထားသော စစ်ကောင်စီအဖွဲ့ကို နိုင်ငံတကာအများစုက အသိအမှတ်မပြုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဆီယံအစည်းအဝေးကဲ့သို့ နိုင်ငံတကာ အစည်းအဝေး အခမ်းအနားများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

အာဏာသိမ်းပြီး လေးနှစ်အကြာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်နေသော ထိပ်သီးအစည်းအဝေးတစ်ခုသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ရရှိခဲ့သည်။

အဌမအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တွင် ကျင်းပပြုလုပ်နေပြီး စစ်ကောင်စီခေါင်းဆောင်က အစည်းအဝေး တက်ရောက်နိုင်ရုံမက ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များနှင့်ပါ သီးခြားတွေ့ဆုံခွင့် ရရှိခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်က သက်ဆင်သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် နိုဝင်ဘာ ၇ ရက်နေ့ကတွေ့ဆုံခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲကို စည်းရုံခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ထောက်ခံခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ဘာတွေ ဆွေးနွေးခဲ့လဲ

နှစ်နိုင်ငံတွေ့ဆုံချိန်တွင် ချစ်ကြည်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းအလုပ်သမား ကိစ္စရပ်များ၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအတွက် ဆောက်ရွက်နေမှုများ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထိုင်းအစိုးရဘက်ကမူ မဟာမဲခေါင်အစည်းအဝေး၊ ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတက်ရောက်မှုနှင့် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေး တက်ရောက်မှုများကိုသာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများ၊ ဆွေးနွေးချက်များကို သီးခြားထုတ်ပြန်ခဲ့ခြင်းမရှိပေ။

“ကျွန်မတို့ ကြိုတင်မစီစဉ်ထားပဲ သီးသန့်တွေ့ဆုံဖြစ်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ထိုင်းသတင်းထောက်များကို ဖြေကြားထားသည်။

မြန်မာပြည်ငြိမ်းချမ်းဖို့ ထိုင်းနိုင်ငံက အပြုသဘောဆောင်၍ ကူညီပေးရန် ကမ်းလှမ်းခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်တွင်းကသာ ဖြေရှင်းရမည်ဟု ထိုင်းဝန်ကြီးချုပ်က ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းထောက်များကို ဖြေကြားထားသည်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် စည်းရုံး

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် လာအိုဝန်ကြီးချုပ် ဆုန်ဇေးတို့ကို သီးခြားတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး စည်းရုံးခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် သီးခြားတွေ့ဆုံခွင့် ရရှိခဲ့ပြီး ရွေးကောက်ပွဲအကြောင်း ဆွေးနွေးခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီပေးသွားမည်ဟု တရုတ်ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် လာအို ဝန်ကြီးချုပ်များ၏ တုံ့ပြန်ချက်များကိုမူ မသိရသေးပေ။

ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ပဲ အာဏာသိမ်းခဲ့သော စစ်ကောင်စီခေါင်းဆောင်က လာမည့် ၂၀၂၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ယခုနှစ် ဇွန်လက ထုတ်ဖော်ပြောဆိုထားသည်။

အောက်တိုဘာလအတွင်း သန်းခေါင်းစာရင်းကို မြို့ပေါ်နှင့် နီးစပ်ရာ ရပ်ရွာများတွင် ကောက်ခံထားပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း စစ်တပ်ထိန်းချုပ်ထားနိုင်သော မြို့များတွင် အပိုင်းလိုက် ဦးစွာကျင်းပမည် သို့မဟုတ် တစ်နိုင်ငံလုံး ကျင်းပမည်ကိုမူ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ၏ အချက်အလက်တောင်းခံ

ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းချီ၏ အချက်အလက်များကို စစ်ကောင်စီက တောင်းခံမှု ပါဝင်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင်ရော တရားမဝင်‌ရော မြန်မာအလုပ်သမား ၅ သန်းခန့်ရှိကြောင်း အလုပ်သမားအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ထိုင်းတွင် အထောက်အထားမပြည့်စုံသေးသော မြန်မာအလုပ်သမားများစွာ ရှိနေသဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ထို့အပြင် ယင်းအလုပ်သမား သန်းချီ၏ အချက်အလက်များကို မျှဝေပေးရန်လည်း စစ်ကောင်စီက ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမပြည့်စုံသေးသော မြန်မာအလုပ်သမား သန်းနှင့်ချီရှိနေပြီး ခန့်မှန်းထားသည့်ထက် ပိုများနိုင်ကြောင်း ဆွေးနွေးထားသည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။

မြန်မာစစ်ကောင်စီ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်၏ တုံ့ပြန်ဖြေကြားမှုကိုမူ မတွေ့ရသေးပေ။

လက်ရှိတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအား ဖမ်းဆီးနှိမ်နှင်းရေးကိုလည်း နိုင်ငံတော်ရဲတပ်ဖွဲ့က ဦးဆောင်၍ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများအား နေရပ်ပြန်လည်ပို့ဆောင်နေသည်ကို တွေ့ရသည်။

သံရုံးက အလုပ်သမားတွေကို ဖိအားပေးလာ

ထိုင်းဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံအပြီး နောက်တစ်ရက် နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက မြန်မာအလုပ်သမားများကို သတိပေးချက် တစ်ပြိုင်နက် ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား ထိုင်းလူဝင်မှု ကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် သက်တမ်းလွန်နေထိုင်ပါက တစ်ရက်လျှင် ဘတ် ၅၀၀နှုန်းဖြင့် စုစုပေါင်း ဘတ် ၂၀,၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သက်တမ်းကျော်လွန်နေထိုင်မှုအလိုက် အနည်းဆုံး (၁) နှစ်မှ (၁၀) နှစ်အထိ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည်ဟု ထပ်မံဖော်ပြထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ထိုင်းရောက် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်း ၂ နှစ် အနည်းဆုံး ကျန်ရှိရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသေးသည်။

ထို့ကြောင့် ၂ နှစ်သက်တမ်းမကျန်သော နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်များကို နိုင်ငံကူးလက်မှတ်များသို့ လဲလှယ်သွားရန် တိုက်တွန်းထားသလို CI စာအုပ်အချင်းချင်း လဲလှယ်နိုင်ရန်လည်း မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့အပြင် ထိုင်းရောက်အလုပ်သမားများထံက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနှင့် ပြည်တွင်းရှိ မိသားစုဝင်များသို့ လစာငွေ၏ ၂၀ ရာခိုင်နှုန်းကို လွှဲပေးရန် စစ်ကောင်စီက အကျပ်ကိုင်ဖိအားပေးထားပြီး နိုင်ငံခြားငွေ ရရှိရန် ကြိုးပမ်းလျက်ရှိနေသေးသည်။

စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ် ဝေဖန်ခံနေရ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံ ကူမင်းတွင် လူချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ခံခဲ့သည်မှာ လက်ခံနိုင်စရာ မရှိဘူးဟု ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ The Fair Party ပါတီက Kannavee Suebsang က ဝေဖန်ထားသည်။

ထိုင်းဝန်ကြီးချုပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာရွေးကောက်ပွဲအပေါ် ထောက်ခံအားပေးခဲ့သည်ဟု ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများကလည်း ရေးသားခဲ့သည်။

အဆိုပါလုပ်ရပ်က ဝန်ကြီးချုပ်၏ အားနည်းချက်တစ်ခုဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးဟု Kannavee Suebsang က ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

မြန်မာပြည်သူပေါင်း ၁၆ သန်းကို ဒုက္ခရောက်စေခဲ့ပြီး လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာထွက်ပြေးရအောင် ပြုလုပ်ခဲ့သော စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်၏ တွေ့ဆုံမှုအပေါ် မေးခွန်းထုတ်ထားပြီး ထိုင်းနိုင်ငံခြားရေးဘုတ်အဖွဲ့တစ်ခုလုံးကို ထုတ်ပစ်ချင်သည်ဟု ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသည်။

စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းက အပြစ်မဲ့ မြန်မာပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီကို ထိုင်းနိုင်ငံကလည်း ထောက်ခံပြီး ပါဝင်ပတ်သက်နေသည်ဟု ထင်မြင်ယူဆမိစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။

ထို့ကြောင့် အဆိုပါသီးခြားတွေ့ဆုံမှုသည် အရှက်ရဖွယ်ဖြစ်သဖြင့် နောက်ထပ် တွေ့ဆုံမှုများ မပြုလုပ်ရန် အမတ်က တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံက လက်ခံထားသော လစ်ဘရယ်အခြေခံမူများကိုလည်း လိုက်နာမကျင့်သုံးခဲ့ခြင်းက ထိုင်းနိုင်ငံ၏ အဓိပ္ပာယ်ပြည့်ဝသော သံတမန်ရေးမူဝါဒကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံခြားရေးဌာန၊ လုံခြုံရေးအဖွဲ့၊ ဝန်ကြီးချုပ်၏ အကြံပေးအဖွဲ့များသည် လတ်တလော ဖြစ်ပေါ်နေသော အချက်အလက်များကို သေချာစဉ်းစားဆုံးဖြတ်ထားခဲ့ကြလားဟု မေးခွန်းထုတ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ပြန်လည်ဖြေကြားပေးရန်လည်း တိုက်တွန်းထားခဲ့သည်။

Ref: Thai Enquirer, REUTERS, Bangkok Post

No related posts found.