BREAKING
December 22, 2024

ဇီဝဇိုးငှက်ချေး ဈေးကောင်းရ

November 10, 2024

ဓာတ်ပုံ - Dawei Watch

ဘုတ်ပြင်းမြို့နယ်အတွင်း မွေးမြူမှုများသည့် ဇီဝဇိုးငှက်၏ မစင် (ချေး) တစ်ပုံးလျှင် စျေးနှစ်ဆကျော် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဇီဝဇိုးငှက် ခေါ် ငှက်သိုက်ငှက်ချေး သံပုံး (၁၀ ပိဿာဝန်းကျင်) တစ်ပုံးလျှင် ကျပ်ငါးထောင်ဈေးပေါက်နေပြီး ပြီးခဲ့သည့် နှစ်လခန့်ကမူ ကျပ်နှစ်ထောင်ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဒေသခံများက ဆိုသည်။

ဇီဝဇိုးငှက်ချေးကို ကွမ်းသီးပင်၊ ဒူရင်းပင်စိုက်ခင်းဥယျာဉ်များတွင် အော်ဂဲနစ်မြေဩဇာအဖြစ် အများဆုံးအသုံးပြုလေ့ရှိသည်။

လက်ရှိတွင် မြိတ်ဘက်ရှိ တောင်သူများက လာရောက်ဝယ်ယူကြသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စုတွင် နေထိုင်သည့် ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“စိုက်ပျိုးရေးသုံး မြေဩဇာတွေဈေးကြီးလို့ ငှက်ချေးကိုဈေးကောင်းပေးပြီး လာဝယ်ကြတယ်။ တချို့အိမ်တွေဆို ဈေးဘယ်လောက်ပေးပေး မရောင်းကြဘူး။ သူတို့ခြံတွေမှာသုံးဖို့ ထားတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦးကလည်း ဇီဝဇိုးငှက်ချေးကို ဒူးရင်းခြံပိုင်ရှင်များက အများဆုံးလာရောက်ဝယ်ယူကြောင်း ဆိုသည်။

“တချို့ဆို ကြိုပြီးမှာထားကြတယ်။ ထွက်သမျှ ငှက်ချေးကို သူတို့ယူမယ်ဆိုပြီး၊ ရပြီဆိုတာနဲ့ သူတို့ကားနဲ့လာတင်ကြတယ်” ဟု ဘုတ်ပြင်းမြို့နယ်အတွင်း ငှက်ချေးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဇီဝဇိုးငှက်ကို ငှက်မွေးရန် သီးသန့်ဆောက်လုပ်ထားသည့် တိုက်အိမ်နှင့် နေအိမ်များတွင် ငှက်အော်သံအတုများ တပ်ဆင်ထုတ်လွှင့်ပြီး မွေးမြူလေ့ရှိကာ ဘုတ်ပြင်းမြို့နယ်တွင် အဓိကမွေးမြူကြသည်။ ထို့အပြင်တနင်္သာရီတိုင်းအတွင်းရှိ ပင်လယ်နှင့်နီးသည့် အခြားမြို့နယ်များတွင်လည်း မွေးမြူကြသည်။

လက်ရှိတွင် ဇီဝဇိုးငှက်သိုက် (အန်ဖတ်) ကလည်း အရည်အသွေးအပေါ်မူတည်ကာ တစ်ပိဿာလျှင် ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ဝန်းကျင်အထိပေါက်ဈေးရှိနေသည်။