ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
နိုဝင်ဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ
နီပေါ ငလျင် လူ ၁၅၀ ဦးထက်မနည်း သေဆုံး

ဟိမဝန္တာတောင်တန်းဒေသက နီပေါနိုင်ငံအနောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နေ့ ညသန်းခေါင် မတိုင်ခင်က ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ငလျင်က ခေတ္တမန္တူမြို့တော် အနောက်ဘက် မိုင် ၃၁၀ လောက်အကွာမှာ ပြင်းအား ၅ ဒသမ ၆ နဲ့ လှုပ်ခတ်ခဲ့တာပါ။
ငလျင်ကြောင့် လူ ၃၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အထိ ခံစားခဲ့ရပြီး အဆောက်အဦးတွေ လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်က အင်အားမကြီးလွန်းပေမဲ့ တောင်တန်းဒေသက အဆောက်အဦးတွေ ခိုင်ခန့်မှု အားနည်းတာကြောင့် ပြိုကျ ပျက်စီးမှုများပြားခဲ့တာပါ။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့လို့ လူ ၉ ထောင်ထက်မနည်းသေဆုံးခဲ့ပြီး ရှေးဟောင်း ဘုရားတွေ သမိုင်းဝင် နေရာတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။
Ref: BBC
………………………………..
LGBT အားကစားပွဲတော် အာရှတွင် ပထမဆုံးအကြိမ် ကျင်းပ

အာရှဒေသမှာ LGBT လိင်တူစုံမတ်သူတွေရဲ့ ပထမဆုံး အားကစားပွဲတော် Gay Games Hong Kong ကို နိုဝင်ဘာ ၄ ရက်နေ့ကက စတင်ကျင်းပခဲ့ပါတယ်။
LGBT ကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးသမားတွေကပါ ကန့်ကွက်နေတဲ့ကြားထဲက ဒီအားကစားပွဲတော်ကို ကျင်းပခဲ့တာပါ။
နိုင်ငံပေါင်း ၄၅ နိုင်ငံက LGBT အယောက် ၂၃၀၀ ကျော် ပါဝင်ခဲ့ပြီး ကဏ္ဍအလိုက်ခွဲထားတဲ့ အားကစားပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်။
အားကစားပွဲတော်ကိုတော့ ဟောင်ကောင်နဲ့အတူ မက္ကဆီကို Guadalajara မြို့ က ပူးတွဲ စီစဥ် ကျင်းပကြတာဖြစ်ပြီး ပြိုင်ပွဲကာလ ၉ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ LGBT တွေကို တရားဝင် ထိမ်းမြားလက်ထပ်ခွင့် အသိအမှတ်မပြုထားသလို ခွဲခြားဆက်ဆံမှုတွေကို အရေးယူတဲ့ ဥပဒေ ပြဌာန်းထားတာလည်း မရှိပါဘူး။
Ref: REUTERS
………………………………..
နောက်မျိုးဆက်ကို အာဏာလွှဲမယ်လို့ စင်ကာပူဝန်ကြီးချုပ် ကြေညာ

၂၀၂၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ နောက်မျိုးဆက်ကို အာဏာလွှဲပြောင်းမယ်လို့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က နိုဝင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
လီဟာ အသက် ၇၀ မွေးနေ့မတိုင်မီ ၂၀၂၂ မှာ ဒုဝန်ကြီးချုပ် လောရင့်စ်ဝေါင်း (Lawrence Wong) ကို လွှဲပေးဖို့စီစဥ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ကိုဗစ်အကြပ်အတည်းအပြီးထိ စင်္ကာပူကို ဦးဆောင်ရမယ်ဆိုပြီး လွှဲပြောင်းရေးကို ရွှေ့ခဲ့တာပါ။
အသက် ၅၀ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာဝေါင်းက ဒုဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။
၂၀၀၄ ကတည်းက ဝန်ကြီးချုပ်ဖြစ်လာတဲ့ လီရှန်လွန်းက နောက်နှစ် နိုဝင်ဘာ မတိုင်မီ လွှဲပေးမယ်လို့ ဆိုထားပါတယ်။
မစ္စတာဝေါင်းသာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် မစ္စတာလီကွမ်းယူ မိသားစုမဟုတ်တဲ့ ဒုတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
Ref: Aljazeera
………………………………..
အွန်လိုင်းရာဇဝတ်မှုနှင့် ပက်သက်သည်ဟုဆိုကာ ဂျပန် ၂၅ ဦးကို ကမ္ဘောဒီးယား နှင်ထုတ်

အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ ဂျပန်နိုင်ငံသား ၂၅ ဦးကို ကမ္ဘောဒီးယား နိုင်ငံက နိုဝင်ဘာ ၈ ရက်နေ့က နှင်ထုတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံသား ၂၅ ဦးကို အွန်လိုင်းရာဇဝတ်မှုသံသယနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖနွမ်းပင်မြို့တော်မှာ ဖမ်းဆီးထားတာပါ။
သူတို့ဟာ ဂျပန်နိုင်ငံက လူတွေကို အဓိက ပစ်မှတ်ထား လိမ်ညာနေတာလို့လည်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောကြားထားပါသေးတယ်။
သူတို့ကို ဂျပန်အာဏာပိုင်တွေတဲ့ အကူအညီတောင်းခံချက်အရ ဖမ်းဆီးခဲ့တာလို့ ဆိုထားပါတယ်။
Ref: ABC News
………………………………..
ရုရှားနှင့် ဆွေးနွေးရန် တိုက်တွန်းချက်ကို ယူကရိန်းပယ်ချ

ရုရှား−ယူကရိန်း နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးကြဖို့ဆိုတဲ့ ဘယ်လို တိုက်တွန်းချက်တွေကိုမဆို လက်မခံဘူးလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းက ရုရှားနဲ့ စေ့စပ်ညှိနှိုင်းသင့်တယ်လို့ တိုက်တွန်းနေသူတွေဟာ အခြေအနေမှန်ကို သေချာမသိတာလို့ ဆိုလိုက်တာပါ။
ရုရှားဘက်က ကြီးမားတဲ့ထိုးစစ်တွေ မလုပ်ခင်မှာ သမ္မတပူတင် အချိန်ရသွားအောင် လုပ်ပေးရာရောက်နေတယ်လို့ ဝန်ကြီးက ထောက်ပြထားပါတယ်။
ယူကရိန်းအနေနဲ့လည်း ဒီလို ထောက်ချောက်တွေထဲ ဆင်းသွားမှာမဟုတ်ဘူးလို့ သူက ဆိုခဲ့တာပါ။
တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စိတ်ဝင်စားတယ်လို့ ရုရှားအစိုးရက နိုဝင်ဘာ ၈ ရက်က ပြောခဲ့ပါတယ်။
ယူကရိန်းမြေပေါ်မှာ ဝင်သိမ်းထားတဲ့ နယ်မြေတွေကနေ ရုရှားတပ်တွေအားလုံး ပြန်မရုပ်သိမ်းသရွေ့ ရုရှားနဲ့ စေ့စပ်ဆွေးနွေးလိမ့်မှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ပြောထားပါသေးတယ်။
Ref: The Moscow Times
………………………………..
အစ္စရေး-ဂါဇာစစ်ပွဲ တစ်နေ့ လေးနာရီကြာ ရပ်တန့်ပေးမည်

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို နိုဝင်ဘာ ၉ ရက်နေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်တွေကို တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းတွေ ဒီဒေသကနေ စွန့်ခွာနေကြရတာပါ။
ဒီအချိန်မှာ အစ္စရေးဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော်က ဆိုခဲ့ပါတယ်။
အပစ်ရပ်ပေးလိုက်တာကြောင့် လူသားစာနာမှုလမ်းကြောင်းတွေ သုံးပြီး ပါလက်စတိုင်းတွေ ရှောင်တိမ်းထွက်ခွာဖို့ အချိန်ရမယ်လို့ ပြောကြားခဲ့တာပါ။
အချိန်တိုစစ်ရပ်စဲထားတဲ့အချိန်မှာတော့ ဘယ်စစ်ဆင်ရေးမှ ရှိမှာမဟုတ်ဘူးလို့ အစ္စရေးဘက်က ပြောတဲ့အကြောင်းလည်း အမေရိကန်ဘက်က ပြောကြားထားပါသေးတယ်။
Ref: CNN
………………………………..
မလေးရှားတွင် လူငယ်အမတ်တစ်ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

မလေးရှားမှာ နိုင်ငံရေးသမားဖြစ်ဖို့ ရေပန်းစားခဲ့တဲ့ လူငယ်အမတ်တယောက်ကို ငွေကြေးခဝါချမှုနဲ့ အပြစ်ရှိကြောင်း စီရင်ပြီးတဲ့နောက် နိုဝင်ဘာ ၉ ရက်နေ့က ထောင် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
ဆာရိဒ် ဆာဒစ်ခ် ဟာ အသက် ၂၅ နှစ်အရွယ်မှာ မလေးရှားနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီး တယောက် ဖြစ်လာခဲ့သူပါ။
သူဟာ အခုနှစ် အစောပိုင်းတုန်းက အဂတိလိုက်စားမှုတွေကို စိုးရိမ်လို့ဆိုပြီး ညွှန်ပေါင်းအစိုးရထဲကထွက်ကာ ကိုယ်ပိုင် ပါတီ ထူထောင်ထားသူတစ်ဦး ဖြစ်ပါတယ်။
မစ္စတာ ဆာဒိခ်ကို အရင်ပါတီဟောင်း လူငယ်အဖွဲ့ကနေ ဒေါ်လာနှစ်သိန်းကျော်ကို မလျော်မကန် ကိုင်တွယ်မှုနဲ့ ပြစ်ဒဏ် စီရင်ခဲ့တာ ဖြစ်ပါတယ်။
Ref: Benar News
………………………………..
ဘင်္ဂလားဒေ့ရှ်တွင် လုပ်ခလစာတိုးရေး ဆန္ဒပြမှုအတွင်း လူတစ်ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နားက လုပ်ခလစာတိုးရေး ဆန္ဒပြမှုအတွင်း ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ နိုဝင်ဘာ ၈ ရက်နေ့က အလုပ်သမား အမျိုးသမီးတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အထည်ချုပ်အလုပ်သမားတွေဟာ လက်ရှိ လစာရဲ့ ၃ဆအထိ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေခဲ့ကြတာပါ။
နောက်ဆုံး တိုးမြှင့်ပေးတဲ့ လစာပမာဏကို ပယ်ချခဲ့ပြီး တရက်အကြာ အထည်ချုပ် အလုပ်သမားတွေ လမ်းပေါ်ပြန်ထွက် ဆန္ဒပြခဲ့ကြတာပါ။
လမ်းတွေကို ဘလောက်တုံးတွေနဲ့ပိတ် ရဲတွေကို ခဲနဲ့ပစ်တဲ့ ဆန္ဒပြသမားတွေကို မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ဖြိုခွဲခဲ့တယ်လို့ ရဲက ပြောပါတယ်။
အစိုးရကတော့ လာမယ့် ဒီဇင်ဘာကစပြီး တလကို လစာ ၅၆ ရာခိုင်နှုန်း ပမာဏအားဖြင့် ၁၁၄ ဒေါ်လာအထိ တိုးပေးဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
Ref: Bangkok Post
………………………………..
တောင်ကိုးရီးယားမှာ ကြမ်းပိုးသောင်းကျန်းနေလို့ အစိုးရက ဖြေရှင်းနေရ

တောင်ကိုရီးယားမှာ ကြမ်းပိုးတွေ ပြန့်ပွားနေလို့ နိုင်ငံတစ်ဝန်း စိုးရိမ်နေတဲ့အတွက် အာဏာပိုင်တွေက ကြမ်းပိုးနှိမ်နင်းရေးတွေ လုပ်နေကြပါတယ်။
ဆိုးလ်အပါအဝင် ဘူဆန်နဲ့ အင်ချွန်းမြို့တွေမှာ ကြမ်းပိုးတွေ သောင်းကျန်းနေတာ အနည်းဆုံး ၃၀ နေရာအထိ ရှိလာခဲ့တာပါ။
ဒါကြောင့် အစိုးရကနေ အချိန် ၄ ပတ်ထဲ ကြမ်းပိုးတွေကို တိုက်ဖျက်ဖို့ စစ်ကြေငြာခဲ့ပါတယ်။
ဆိုးလ်မှာ ကြမ်းပိုးနှိမ်နင်းရေးအတွက် ဝမ် သန်း ၅၀၀ ဖိုး အသုံးစရိတ် နဲ့အတူ ကြမ်းပိုးနှိမ်နင်းရေးအဖွဲ့လည်း ဖွဲ့စည်းထားပါတယ်။
ကြမ်းပိုး ပြန့်ပွားမှုက စက်တင်ဘာလ အစောပိုင်းမှာ စတွေ့ခဲ့ပြီး အဲဒီတုန်းက ဒယ်ဂူးမြို့က တက္ကသိုလ်တစ်ခုမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
နောက်တော့ ခရီးသွားတွေ တည်းခိုတဲ့နေရာတွေနဲ့ အများသုံး ချွေးထုတ်ပေါင်းတင် ရေချိုးခန်းတွေမှာ တွေ့ရှိလာခဲ့ပါတယ်။
Ref: CNN
………………………………..
ဖိလစ်ပိုင်တွင် သတင်းတင်ဆက်နေသော သတင်းထောက်တစ်ဦး ပစ်သတ်ခံရ

ဖိလစ်ပိုင်နိုင်ငံမှာ ရေဒီယို သတင်းထောက်တစ်ဦး သူ့ ကိုယ်ပိုင် အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေတုန်း သေနတ်သမားတယောက်က အခန်းငယ်ထဲကို ဝင်ပြီး ပစ်သတ်သွားခဲ့ပါတယ်။
ဒီဂျေ ဂျော်နီ ဝေါ်ကာ လို့ လူသိများတဲ့ ဂျော် ဂျူမာလွန် ကို သတ်ဖြတ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
လူသတ်သမားဟာ သူ့ လည်ပင်းကနေ ဆွဲကြိုးကို ဖြုတ်ယူသွားခဲ့ပါတယ်။
ဒီဖြစ်ပျက်က မင်ဒန်နာအိုကျွန်း တောင်ပိုင်းမှာဖြစ်ခဲ့ပြီး သတ်ဖြတ်မှုကို ဖိလစ်ပိုင် နိုင်ငံလုံး ဆိုင်ရာ သတင်းထောက်များ သမဂ္ဂက ရှုတ်ချထားပါတယ်။
Ref: AP
………………………………..