ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက် ခံရပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ၂၉ ဦးသေဆုံးကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများကို အတည်ပြုပြောဆိုထားသည်။
စစ်ကောင်စီက အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး လေယာဉ်သံ မကြားရသဖြင့် ဒရုန်းဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၅၆ဦးရှိကာ ၄၄ဦးမှာ ဆေးဝါးကုသမှုခံယူနေရပြီး ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများမှာ စစ်ဘေးရှောင်များသာ ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အသုံးပြုခဲ့သည့် ဗုံးအမျိုးအစားကိုလည်း မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။
မုန်လိုင်ခက်စစ်ဘေးရှောင် စခန်းသည် လိုင်ဇာနှင့် ၂မိုင်ခန့် ဝေးပြီး ယင်းနေရာတွင် တပ်စခန်းများလည်း မရှိကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်သဖြင့် ပွဲတက်ရောက်သူ ၆၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သေးသည်။
ဖားကန့်မြို့နယ် အနန့်ပါ (A Nang Pa) ဒေသတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့် ကြိုဆိုသည့် အခမ်းအနား တေးဂီတဖျော်ဖြေနေစဉ် ဗုံးကြဲခံခဲ့ရခြင်းဖြစ်သည်။






