BREAKING
September 19, 2024

မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံရမှုကို လွှတ်တော်တွင်ဆွေးနွေးရန် ထိုင်းလွှတ်တော်အမတ်တိုက်တွန်း

September 10, 2024

ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းခံနေရသဖြင့် မြန်မာကလေးငယ်များ၏ ပညာသင်ယူခွင့်ကို အကာအကွယ်ပေးရေး လွှတ်တော်အတွင်းဆွေးနွေးရန် The Fair Party ၏ လွှတ်တော်အမတ် Kannavee Suebsang က စက်တင်ဘာလ ၉ ရက်နေ့တွင် ၎င်း၏အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းလိုက်သည်။

Kannavee Suebsang သည် နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် မြန်မာနိုင်ငံအရေးလှုပ်ရှားမှုများတွင် ပါဝင်ဆွေးနွေးကာ တိုက်တွန်းနေသည့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

ထိုင်းပညာရေးအက်ဥပဒေအောက်တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထိုင်းအစိုးရပိတ်သိမ်းခဲ့သည်။

အဆိုပါမေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် မြန်မာကလေးငယ် တစ်ထောင်ကျော် ပညာသင်ယူလျက်ရှိသည်။

ထို့အပြင် စူရတ်ဌာနီခရိုင်ရှိ အခြားမြန်မာစာသင်ကျောင်း ငါးကျောင်းကိုလည်း ပိတ်သိမ်းရန် ညွှန်ကြားထားသဖြင့် ကလေးငယ် ထောင်ပေါင်းများစွာ ပညာသင်ယူခွင့် ဆုံးရှုံးနေသည်။

စူရတ်ဌာနီခရိုင် ပညာရေးဌာနက ပိတ်သိမ်းခံရသည့် မြန်မာကျောင်းများက ကလေးများ ပညာသင်ယူလိုပါက ထိုင်းစာသင်ကျောင်းများတွင် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်ထားလာသည့် ကလေးများကို ထိုင်းအစိုးရစာသင်ကျောင်းများတွင် လက်ခံကာ ပညာသင်ယူခွင့်ပေးမည်ဟု ဆိုသည်။

ကျောင်းသားမိဘအချို့ကမူ ထိုင်းကျောင်းများတွင် သွားရောက်အပ်နှံလိုခြင်းမရှိကြကြောင်း ပြောဆိုကြသည်။

ကလေးများကြုံတွေ့ရမည့် ဘာသာစကားအခက်အခဲနှင့် မြန်မာစာသင်ယူခွင့်မရဘဲဖြစ်နေမည့် အခြေအနေကို စိုးရိမ်နေကြကြောင်း မိဘအုပ်ထိန်းသူများက ပြောသည်။

ထိုင်းနိုင်ငံအတွင်း မေတ္တာရိပ်စာသင်ကျောင်းကဲ့သို့ ပိတ်သိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၆၃ ကျောင်း အထိရှိပြီး ပညာသင်ယူနေသည့် မြန်မာကလေးငယ် နှစ်သောင်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေကြောင်း Kannavee Suebsang က ထောက်ပြသည်။

ယင်းကလေးငယ်အများစုသည် အစိုးရစာသင်ကျောင်းများတွင် ပညာသင်ယူနိုင်ရေး လက်လှမ်းမမီကြကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ ပညာသင်ယူလျက်ရှိသော စာသင်ကျောင်းများကို ပိတ်ပင်မှုနှင့် ပက်သက်၍ အဖွဲ့အစည်းများအားလုံး လူ့အခွင့်အရေးရှု့ထောင့်က ထည့်သွင်းစဉ်းစားကြရန် ၎င်းက တိုက်တွန်း သည်။

ကလေးငယ်များ၏ အနာဂတ်အတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး လူ့အခွင့်အရေးရှု့ထောင့်နှင့် ထိုင်းနိုင်ငံ၏ ကောင်းကျိုး တစ်ခုဖြစ်လာစေရန် အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန် Kannavee Suebsang က အကြံပြုထားသည်။

ထို့ကြောင့် ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းပညာရေးစနစ်အတွင်းသို့ ပေါင်းစည်းခြင်းအားဖြင့် ကလေးငယ်များ အတွက် တန်ဖိုးရှိသော ပညာသင်ယူခွင့်ကို ရရှိလာမည်ဖြစ်ကြောင်း ၎င်းက စည်းရုံးပြောဆိုထားသည်။

ရွှေ့ပြောင်းမြန်မာကလေးငယ်များ ပညာသင်ယူခွင့် မရရှိပါက လူမှုစီးပွားရေးနှင့်ဆိုင်သော စိန်ခေါ်မှုများစွာ ရင်ဆိုင်ရမည် ဖြစ်ပြီး လူ့အဖွဲ့အစည်းများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။

အဆိုပါပြဿနာများနှင့် ပက်သက်၍ ကလေးငယ်များ၏ ပညာသင်ယူခွင့်အတွက် ကာကွယ်ပေးနိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း Kannavee Suebsang က ဆိုသည်။

သို့သော်လည်း တင်ပြဆွေးနွေးမည့်အချိန်နှင့် နေ့ရက်ကိုမူ ပြောကြားထားခြင်း မရှိသေးပေ။

မေတ္တာရိပ်စာသင်ကျောင်းတွင် ကျောင်းတက်ချိန်ကျောင်းသားများက ထိုင်းနှင့် မြန်မာနိုင်ငံတော်သီချင်းကို သီဆိုနေသော ဗီဒီယိုဖိုင်များ ဆိုရှယ်မီဒီယာအပေါ် ပျံ့နှံ့လာပြီးနောက် တိုင်ကြားမှုများလာသဖြင့် ထိုင်းအာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာသင်ကျောင်းသည် နည်းပညာကောလိပ်ဟောင်းတစ်ခုတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ဖွင့်လှစ်နေသည် ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် ပိတ်သိမ်းခဲ့သဖြင့် မြန်မာကလေးငယ် ၁၀၀၀ ကျော် ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သည်။

Ref: Thai Enquirer