BREAKING
September 16, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

August 10, 2024

[အခန်း ၁၉] ဇာတ်သိမ်း

၁၉၇၅ ခုနှစ်တွင် စစ်တပ်မှ ထားဝယ်ဒေသကို နောက်ထပ်တစ်ကြိမ် ရေပက်စစ်ဆင်ရေးအမည်ဖြင့် စစ်ဆင်ရေးကြီးဆင်နွှဲခဲ့သည်။ ထိုစစ်ဆင်ရေးတွင် တနင်္သာရီတိုင်း ကွန်မြူနစ်ပါတီ၏ တိုင်းအတွင်းရေးမှူး သခင်ဗစီ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂအလုပ်အမှုဆောင် ဒေါ်ကျင်မယ်နှင့် ၇ နှစ်အရွယ်သမီး နီလာစိုးတို့ စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်သွန်းစိန်၊ ဒေါ်မြတ်သီအပါအဝင်အမျိုးသမီး ၄ ဦးကို စစ်တပ်မှ ဖမ်းဆီးမိကာ အဓမ္မပြုကျင့်ပြီး လှံစွပ်ဖြင့် ထိုးသတ်လိုက်ကြသည်။

၁၉၈၁ ခုနှစ်တွင် ခလရ ၂၅ မှ ဗိုလ်ကြီးဝင်းနိုင်နှင့်အဖွဲ့သည် လောင်းလုံးမြို့နယ်၊ အနောက်ဘက်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ယူစိန်၏ ဒုတိယဇနီး ဒေါ်မြတင်နှင့် တစ်နှစ်အရွယ်သားငယ်သေဆုံးခဲ့သည်။

ဗိုလ်ယူစိန်သည် ဒဏ်ရာဖြင့် လွတ်မြောက်သွားသဖြင့် ကျန်ရစ်ခဲ့သည့် သားဖြစ်သူ အသက် ၇ နှစ်အရွယ် မောင်ကျော်ယူ ကို စစ်တပ်မှ တညလုံးနီးပါး ရိုက်နှက်ကာ နံနက်ပိုင်းတွင် ဓားဖြင့်ခုတ်သတ်ခဲ့သည်။ ၁၉၈၆ တွင် တိုင်းအတွင်းရေးမှူး ဗိုလ်ယူစိန်သေဆုံးခဲ့သည်။

၁၉၈၇ မတ်လတွင် ရန်ကုန်မြို့၊ စက်မှုတက္ကသိုလ်မှ စတင်ကာ အစိုးရဆန့်ကျင်ရေးကျောင်းသား အရေးအခင်းများ စတင်လာခဲ့သည်။

ယင်းမတိုင်ခင် ငွေစက္ကူများကို တရားမဝင်ကြေညာခဲ့ခြင်းကြောင့် တိုင်းပြည်အတွင်း ဆင်းရဲကျပ်တည်းမှုများ မြင့်တက်နေချိန်မို့ အုံကြွမှုများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးထွားသွားသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ဆန္ဒပြသူများ ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ စက်တင်ဘာလကုန်တွင် ဆန္ဒပြသူ ၃၀၀၀ ခန့်သေဆုံးခဲ့သည်။

စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကျောင်းသားများ ၊ အရပ်သားများစွာတို့သည် တိုင်ရင်းသားလက်နက်ကိုင်များရှိရာနယ်စပ်ဒေသများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။

၁၉၈၉ ဧပြီလ ၌ ပန်ဆန်းတွင် အခြေစိုက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ကို “ဝ”မြောက်ခရိုင် တပ်မဟာ (၁၂)တပ်မှူး ရဲဘော်ကျောက်ညီလှိုင်၊ အလယ်ဗျူရိုမှ ဒုတပ်ရင်းမှူး ပေါက်ယူချန်း တို့၏ ပုန်ကန်မှု ဖြစ်ပေါ်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဗဟိုကော်မတီသည် ကား ၃၃ စီးနှင့်အတူ ပန်းဝါသို့ ထွက်ခွာသွားခဲ့သည်။ ပန်းဝါမှတစ်ဆင့် တရုတ်နိုင်ငံသို့ ခိုလှုံသွားခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ(ဗဟို) ပဲခူးရိုးမ ချေမှုန်းခံရမှု၊ မြောက်ပိုင်း အာဏာသိမ်းခံရမှုတို့ကြောင့် တနင်္သာရီတိုင်းကွန်မြူနစ်ပါတီမှာ ပိုမိုရပ်တည်ရန်ခက်ခဲသွားခဲ့၏။

……………………………………………………………………………………………………………..

၁၉၉၂ မေလ ၂ ရက်နေ့။

ညမှောင်မှောင်ထဲ။

ရိုင်ဖယ်သေနတ်များ၊ ကာဘိုင်သေနတ်များကိုင်ထားသည့် ရဲဘော်တစ်စု၏ နောက်မှ အမျိုးသမီးများ၊ က‌လေးများအပါအဝင် လူတန်းကြီးသည် အမှောင်ထုကို အကာအကွယ်ပြုကာ တောင်တန်းများပေါ် ခရီးဆက်လျက်။

ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ် စခန်းများမှ ဗမာပြည်ကွန်မြူနစ်ပါတီ ၊ ထားဝယ်အမျိုးသမီးသမဂ္ဂတို့မှ ရဲဘော် ၂၅၀၊ အမျိုးသမီး၊ ကလေး ၄၆၀ စုစုပေါင်း အင်အား ၇၀၀ ကျော်။

ထားဝယ်ဒေသကို စွန့်ခွာကာ မွန်ပြည်သစ်ပါတီနယ်မြေရှိ ဒုက္ခသည်စခန်းရှိရာသို့ ဦးတည်လာခဲ့ခြင်း ခရီးရှည်ချီတက်ပွဲကြီး။

ဗိုလ်ကြီးထွန်းဦး ဦးစီးသည့် ထားဝယ်ခရိုင်မှ တပ်ရင်း (၈) ရင်းတို့ကလည်း လမ်းတစ်လျှောက် လိုက်လံပိတ်ဆို့နေကြသည်။

……………………………………………

“မမနီနီ . . . မမနီနီ . . . အန်တီမိုးကြည်က ခေါ်ခိုင်းလိုက်လို့ပါ . . . ဒေါ်လေးခင်မော် မီးဖွားချင်နေပြီတဲ့”

အမျိုးသမီးအဖွဲ့၏ ရှေ့ဆုံးတွင် ကာဘိုင်သေနတ်ကို ကိုင်ထားသော နီနီရိန် ၏ ဘေးသို့ ကလေးတစ်ယောက်ရောက်လာသည်။

“အေး . . . အေး . . . ဖိုးဇော် . . . မမ လာခဲ့မယ်နော်”

ကာကီရောင်အိုဂျီစစ်အင်္ကျီအောက်မှ တောင့်တင်းလှပသော ခန္ဓာကိုယ်အချိုးအဆစ်၊ ညို၍စိုသော အသားအရည်၊ ကြယ်နီဦးထုပ်အောက်မှ ကပိုကယိုထုံးထားသော ဆံထုံးပြေလျော့လျော့ပိုင်ရှင် နီနီရိန်က လူတန်းကြီးအတိုင်း အပြေးကလေးလှမ်းလာသည်။

တောင်စောင်းတစ်နေရာတွင် သစ်ပင်ကို မှီလျက် ထိုင်နေသော ကိုယ်ဝန်ဆောင်မခင်မော်၏ ဘေးတွင် ဒေါ်မိုးကြည်နှင့် အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်အချို့။

“ဒေါ်လေးမိုးကြည် . . . အခြေအနေဘယ်လိုရှိလဲ”

“မွေးတော့မယ် . . . နီနီ . . . ရှေ့ဆက်လျှောက်လို့ရမယ်မထင်ဘူး”

နီနီက လက်နှစ်ဖက်ကိုပူးလျက် နှုတ်ခမ်းဝတွင်တေ့ကာ ဥဩသံဖြင့် အချက်ပေးလိုက်သည်။

ရှေ့ဆုံးမှ ပွိုင့်ပြေးနေသော အဖွဲ့က ရပ်တန့်သွား၏။

တပ်နီလူငယ်ခေါင်းဆောင် ကိုမြသန်းက နီနီတို့ ရှိရာသို့ ရောက်လာသည်။

“နီနီ . . . ဘာဖြစ်တာလဲ”

“ဒီမှာ . . . မခင်မော် မီးဖွားချင်နေပြီ . . . ကိုမြသန်း . . . ရှေ့ဆက်လျှောက်လို့ရမယ် . . . မထင်ဘူး”

“ဒုက္ခပဲ . . . အခုတို့ထွက်လာတာ ၁၇ ရက်ရှိနေပြီ . . . စစ်တပ်တွေကလည်း လမ်းကြောင်းမှန်သမျှ လိုက်ပိတ်နေတာ . . . ဒီထက်ကြာရင် စုထားတဲ့ရိက္ခာက ကုန်တော့မယ်”

“မတတ်နိုင်ဘူး . . . ကိုမြသန်း . . . လမ်းမှာ ကလေးနှစ်ယောက်လည်း အဖျားမိပြီး သေပြီးသွားပြီ . . . ဒီတစ်ခါတော့ မိခင်ရော . . . ကလေးပါ . . . ကျွန်မထပ်အဆုံးရှုံးမခံနိုင်ဘူး”

ကိုမြသန်း က သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်တော့ . . . ဒီရှေ့က ရေတံခွန်အကျော်မှာ ကျောက်ဂူတစ်ခုရှိတယ်လို့ . . . ပွိုင့်ပြေးနေတဲ့တပ်စိတ်က သတင်းပို့ထားတယ် . . . ရေနားချောင်းနားလည်းဖြစ် . . . ကျောက်ဂူလည်းရှိတော့ . . . အဲဒီမှာ အားလုံး ခဏနားကြတာပေါ့”

……………………………………………

“အူဝဲ . . . အူဝဲ . . . အူဝဲ”

ဂူထဲမှ ကလေးငိုသံ။

ခဏအကြာ ဂူဝသို့ ဒေါ်မိုးကြည်က ချိုင်းထောက်ဖြင့် ထွက်လာသည်။

“ယောက်ျားလေးဟေ့”

ဂူရှေ့တွင် ထိုင်နေကြသော ရဲဘော်များအားလုံး ပျော်ရွှင်စွာအော်ဟစ်လိုက်ကြ၏။

“ကလေးရော မိခင်ပါ . . . ကျန်းမာဖို့ . . . နှစ်ရက်တော့ ငါတို့ ဒီမှာ နားရလိမ့်မယ် . . . မောင်မြသန်း”

တပ်နီလူငယ်ခေါင်းဆောင်ကိုမြသန်းက ခေါင်းညိတ်ပြလိုက်သည်။

……………………………………………

ထိုစခန်း၏ အရှေ့ဘက် သုံးမိုင်ခန့်အကွာ၊ ပတ်မမွန်ဒုက္ခသည်စခန်းသို့ သွားရာလမ်းကို ဖြတ်ကာ စောင့်နေကြသော စစ်တပ်မှာ တစ်ရက် တစ်ညကြာသည်အထိ ကင်းပုန်းဝပ်နေကြ၏။

နောက်ထပ်တစ်ရက်ကြာသည်အထိ သူတို့စောင့်ဆိုင်းနေသော လူတန်းကြီးရောက်မလာသောအခါ အခြားလမ်းမှ ပတ်သွားပြီအထင်နှင့် ပြန်လည်ဆုတ်ခွာသွားကြသည်။

……………………………………………

၂၅ ရက်မြောက်နေ့။

ရှိသည့်ရိက္ခာ၊ ရှိသည့်လက်နက်အင်အားဖြင့် လူ ၇၀၀ ကျော် လျှောက်လှမ်းခဲ့သည့်လမ်း။

စစ်တပ်၏ ပိတ်ဆို့မှုများကို ကံကောင်းထောက်မစွာ ဖြတ်သန်းနိုင်ခဲ့ပြီး မည်သူမျှ ဖမ်းဆီးခံရခြင်းမရှိခဲ့။

လမ်းတွင် ကလေးနှစ်ယောက်သေဆုံးခဲ့ပြီး ကလေးတစ်ယောက်ကို ကောင်းစွာမီးဖွားပေးနိုင်လိုက်သည်။

……………………………………………

“မနီနီရိန်”

ရဲဘော်မြသန်းက ပစ္စတိုသေနတ်ကို အသင့်ပြင်လျက် နီနီရိန်ရှိရာသို့ ပြေးလာ၏။

“ဘာဖြစ်လို့လဲ . . . ကိုမြသန်း”

“ကျွန်တော်တို့ . . . ရောက်ပြီ . . . ရောက်ပြီ”

“ရှင် . . . ဘာကိုပြောတာလဲ”

“မနီနီရိန်က အမျိုးသမီးနဲ့ကလေးတွေကို ဦးဆောင်ပြီး ဝင်ပါ . . . ရှေ့မှာ မွန်ပြည်သစ်ပါတီရဲ့ ကင်းစခန်းတစ်ခု နဲ့ ကျွန်တော်တို့ ချိတ်ဆက်မိပါပြီ . . . ဒုက္ခသည်စခန်းထိ သူတို့က လိုက်ပို့ပါလိမ့်မယ် . . . ကျွန်တော်တို့ကတော့ အမျိုးသမီးနဲ့ကလေးတွေကို အနောက်ကနေ နောက်ချန် ကာကင်းအဖြစ် လိုက်ခဲ့ပေးပါ့မယ်”

နီနီရိန် က လက်ထဲမှ ကာဘိုင်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ထို့နောက် သူ့နောက်မှ မျှော်လင့်ချက်အပြည့်ဖြင့် လူအုပ်ကြီးအား တစ်ချက်ကြည့်လိုက်၏။

ချိုင်းထောက်တစ်ဖက်ဖြင့် လှမ်းလာနေသော ဒေါ်မိုးကြည် ကလည်း လူအုပ်ထဲမှ တစ်ဆင့် နီနီကို ပြုံးပြနေသည်။

“ကျွန်မတို့ ဘာကိုမှ ကြောက်စရာမလိုတော့ဘူး”

ထားဝယ်အမျိုးသမီးသမဂ္ဂ၏ လူငယ်ခေါင်းဆောင် တစ်ယောက်ဖြစ်သော နီနီရိန်၏ အသံက လွန်ခဲ့သည့် နှစ်များစွာကလို . . . သန်မာနေဆဲ။

ပြီးပါပြီ။

ခက်ဇော်

(ဤဝတ္ထုအားဖြင့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ ခေတ်အဆက်ဆက် အမျိုးသမီးကြီးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ ရေးသားပုံဖော်ဖြစ်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပေးခဲ့ကြသော ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU) နှင့် Dawai Watch Media အား အထူးကျေးဇူးတင်ရှိပါသည်)

နောက်ဆက်တွဲအဖြစ်အပျက်များ

  • ထားဝယ်အမျိုးသမီးသမဂ္ဂဝင်များ၊ မိသားစုများသည် မွန်ပြည်သစ်ပါတီ၊ ပတ်မဒုက္ခသည်စခန်းတွင် ၁၉၉၂ မှ ၁၉၉၄ အထိ နှစ်နှစ်ကြာနေထိုင်ခဲ့ကြသည်။
  • ၁၉၉၄ တွင် ပယော်ဒုက္ခသည်စခန်းသို့ လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ၊ ဗဟိုဌာနချုပ်အနီး ဖနွန်ပင်ဒုက္ခသည်စခန်းများသို့လည်းကောင်း အကြိမ်ကြိမ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။
  • တနင်္သာရီအတွင်းကျန်ရစ်သော တိုင်းအတွင်းရေးမှူးဉီးတင်ထွန်းနှင့်အဖွဲ့ကိုမူ နဝတအစိုးရ၏ တိုင်းမှူး သီဟသူရစစ်မောင် မှ ငြိမ်းချမ်း‌ရေးဆွေးနွေးမည်ဟု ဆိုကာ တောင်ပျောက်တိုက်နယ်၊ ရေပူကျေးရွာသို့ ခေါ်ယူပြီးနောက် ဦးတင်ထွန်းနှင့်ဇနီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး(၄)ဦးမှ အပ ရဲဘော်များကို အစုအလိုက်အပြုံလိုက်ပစ်သတ်ခဲ့ကြသည်။ ဦးတင်ထွန်းကိုမူ သုံးရက်ကြား ညှင်းပန်းနှိပ်စက်ပြီး သတ်ပစ်လိုက်ကြသည်။
  • ထားဝယ်အမျိုးသမီးသမဂ္ဂမှာမူ ဒုက္ခသည်စခန်များတွင် အခက်အခဲများကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရပ်တည်ရင်း မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းဖြတ်သန်းရပ်တည်ခဲ့ကြသည်။
  • ယခုအခါ ထားဝယ်အမျိုးသမီးသမဂ္ဂ(TWU)သည် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အဖွဲ့ဝင်ဖြစ်လာပြီး ပြင်းထန်သောဖိအားများ၊ အခက်အခဲများကြားမှ ရပ်တည်လျက်ရှိပါသည်။

မှီငြမ်းကိုးကားစာစုစာရင်း

  • ထားဝယ်အမျိုးသမီးသမဂ္ဂသမိုင်းကြောင်း – ဒေါ်တင်တင်ခိုင်၊ ထားဝယ်အမျိုးသမီးသမဂ္ဂ
  • ထားဝယ်ဒေသန္တရစကား – ဖေမောင်တင်
  • ထားဝယ်မှတ်စု (အေဒီ ၇၅၁ – ၁၉၄၈) – မောင်လေးတင့်
  • ထားဝယ်ယဉ်ကျေးမှုအမြုတေ – ထားဝယ်ကျော်မင်း
  • ကျွန်တော်တို့ ထားဝယ်သူ၊ ထားဝယ်သား – မောင်သန်းဆွေ(ထားဝယ်)
  • သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ – ရဲဘော်ဘခက်၊ ရဲဘော်မြ
  • မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဉီးဒုဥက္ကဋ္ဌ ရဲဘော်စိုးလွင်နှင့် အင်တာဗျူး – နှစ်(၅၀)ပြည့် ဒေါင်းအိုးဝေစာစောင်
  • တနင်္သာရီအစိမ်း – ငြိမ်းအေးအိမ်
  • The Early Revenue History of Tenasserim land – Furnivall J.S
  • Burma Gazetteer, Tavoy District 1918
  • ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း – ဝင်းတင့်ထွန်း