BREAKING
January 15, 2025

ပုလော ဆင်ထိုးကြီးရွာအုပ်စုတွင် စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ရ

August 10, 2024

ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများကို KNLA တပ်က နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ရရှိကြောင်း KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၂၊ KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ ၏ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

ဩဂုတ်လ ၈ ရက်က နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် ၆၀ မမ၊ ၈၁ မမ အပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဓာတ်ပုံမှတ်တမ်းအရ သိရသည်။

“ရန်သူပြန်ဆုတ်တဲ့အချိန်မှာ သူတို့ (KNLAတပ်ဖွဲ့ဝင်တွေ) သွားတက်ရှင်းတာမှာ ပစ္စည်းတွေနည်းနည်းပါးပါးကျန်တယ်” ဟု ဗိုလ်မှူး စောမှူးဂေက ပြောဆိုသည်။

ဆင်ထိုးကြီးရွာစု၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် KNLA တပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဗိုလ်မှူးစောမှူးဂေနှင့် ဆင်ထိုးကြီးကျေးရွာအုပ်စုက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်-မြိတ်သွားကားလမ်းဘေး အင်းမရွာတွင် မြိတ်မြို့က စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ပြည့်ဖြိုးထွန်းကုမ္ပဏီရုံး အဆောက်အအုံနှင့် အလုပ်ရုံကို ဇူလိုင်လကုန်တွင် KNLA တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။

ဧကရာချီရှိသည့် ရော်ဘာခြံထဲက ရာနှင့်ချီသည့် အလုပ်သမားများကို KNLA တပ်ဖွဲ့က ထွက်ခွာခိုင်းပြီးနောက် စစ်ကောင်စီ တပ်က ဆင်ထိုးကြီး၊ အင်းမရွာနှင့် ထားဝယ်-မြိတ်သွားကားလမ်း ပလောက်တံတားလမ်းတစ်လျှောက် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည်။

ဩဂုတ်လ ၁ ရက်မှ ၅ရက်နေ့အထိ ဆင်ထိုးကြီး၊ ဘုရင့်တောင်၊ အင်းမရွာနှင့် ဦးလှသန်းပိုင်သည့် ဥယျာဉ်ခြံတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲတွင် လက်နက်ကြီးကျည်စထိမှန်သဖြင့် အရပ်သားတစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့သည်။

ယင်းကာလတွင် နှစ်ဖက်တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုကြောင့် ထားဝယ်-မြိတ်သွားကားလမ်းတွင် ရာနှင့်ချီသည့်ကားများ နေ့စဉ်နီးပါး ပိတ်မိခဲ့သည်။

ဩဂုတ်လ ၆ ရက်တွင် ပြည့်ဖြိုးထွန်းကုမ္ပဏီဝန်းထဲက စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် ကုမ္ပဏီအဆောက်အအုံနှင့် အလုပ်ရုံ၊ အလုပ်သမားတန်းလျားများကို KNLA တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

အထက်ပါကိစ္စရပ်များနှင့်ပက်သက်ပြီး KNLA မြေပြင်တပ်ဖွဲ့ တာဝန်ရှိသူနှင့် ပြည့်ဖြိုးထွန်းကုမ္ပဏီ နှစ်ဖက်စလုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။