BREAKING
September 16, 2024

မောင်းမကန်ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရ

August 10, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံမိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၈ ရက် ညနေပိုင်းတွင် မောင်းမကန်ရဲစခန်းသို့ တော်လှန်ရေးအဖွဲ့တစ်ခုက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ရဲစခန်းအတွင်းမှ လက်နက်ကြီးလေးကြိမ်ပစ်ခတ်ခဲ့သည့်အနက် လက်နက်ကြီးကျည်ဆန်တစ်လုံးမှာ မောင်းမကန် ပန်းတင်အင်းသွားလမ်းပေါ်ရှိ ဆိုင်ကယ်ရေ‌ဆေး လုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ်ပေါ်ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ်ရှိ ကလေးနှစ်ဦးနှင့် မိခင်ဖြစ်သူတို့တွင် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးနှင့် မိခင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌ပြောဆိုသည်။

“ကလေးနှစ်ယောက်ကတော့ ဒဏ်ရာမစိုးရိမ်ရဘူး။ သူ့အမေမှာတော့ လက်နက်ကြီးအစက ခေါင်းထဲဝင်သွားတယ်လို့ ကြားရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဒဏ်ရာရသူများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေသိရရန် ယနေ့ နေ့လယ် ၂ နာရီကျော်အချိန်က မောင်းမကန်ဒေသခံများထံ ဆက်သွယ်မေးမြန်းခဲ့သေးသော်လည်း ဆေးခန်းပြထားသည်ကိုသာသိရပြီး အခြေအနေမည်သို့ရှိသည်ကိုမူ အသေးစိတ်မသိရကြောင်း ပြောဆိုကြသည်။

“ဖြစ်တဲ့အိမ်ကလည်း ရဲစခန်းနားမှာပဲဆိုတော့ သွားမေးလို့မရဲကြဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

မောင်းမကန်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်ကြောင်းလည်း မသိရသေးပေ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ယင်းတိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိကြောင်း ပြောဆိုသည်။