BREAKING
December 26, 2024

ထားဝယ်တွင် ပလုံကောက်သွားရင်း ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်းပြန်တွေ့

August 10, 2024

ဓာတ်ပုံ - Dawei Fire Service Department

ပလုံကောက်သွားရင် ရေနစ်ပျောက်ဆုံးသွားသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး၏အလောင်းကို ယနေ့ (ဩဂုတ် ၁၀) နံနက် ၉ နာရီ ခန့်တွင် ထားဝယ်မြစ်ထဲ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့ခံများကပြောသည်။

ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီး(ထားဝယ်မြစ် အတွင်း) ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေများအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ်ရှိ မြို့သစ် ၇ လမ်းတွင် နေထိုင်သည့် မကေသီသွယ်ဖြစ်‌ကြောင်းသိရသည်။

သေဆုံးသူသည် ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီ အချိန်တွင် ညီအစ်မ တော်စပ်သူတစ်ဦးနှင့်အတူ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ကမ်းစပ်တွင် ပလုံကောက် နေရာမှ ရေထဲဆင်းစဥ် ရေနစ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံများထံမှသိရသည်။

ရေနစ်ပျောက်ဆုံးနေသူကို ထားဝယ်မြို့အခြေစိုက် ရေကြောင်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ကြသော်လည်း ရှာဖွေတွေ့ရှိရခြင်းမရှိပေ။

ပျောက်ဆုံးပြီး တစ်ရက် ကျော်အကြာတွင် ရေနစ်သည့်နေရာနှင့် မလှမ်းမကမ်း၌ အလောင်းပြန်တွေ့ရခြင်းဖြစ်သည်။

အလောင်းကို မြို့ခံလူမှုကူညီ‌ ရေးအသင်းမှ အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် အမျိုးသား နှစ်ဦး ပိုက်ထောင်ရန်သွားစဉ် လှေမှောက်သဖြင့် အဆိုပါအမျိုးသားနှစ်ဦးစလုံး သေဆုံးခဲ့သည်။