BREAKING
January 16, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုး ဖမ်းဆီးနေသဖြင့် ရွာသုံးရွာဒေသခံများတိမ်းရှောင်

August 10, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်မှစတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာသုံးရွာမှ ထောင်နှင့်ချီသော ဒေသခံများ တိမ်းရှောင်နေကြရ ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီခန့်က ခမောင်းချောင်းရွာထိပ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ခမောင်းချောင်း၊ ဧကနိ၊ ရငဲ စသောကျေးရွာများက ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းရွာ သုံးရွာပေါင်း အိမ်ခြေထောင်ဂဏန်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခုကတော့ သူတို့ (ခမောင်းချောင်းရွာက) စာသင်ကျောင်းမှာ တပ်စွဲထားလိုက်ပြီ။ နေအိမ်တွေ ဆိုင်တွေလည်း ဖျက်ဆီးခံထားရတယ်။ ဆန်ဆီရိက္ခာအကုန်ယူသွားတယ်ဗျာ။ လူတွေလည်း မရှိတော့ဘူး။ ထွက်ပြေးကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အင်အားတစ်ရာကျော်ရှိသော စစ်ကောင်စီတပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ဩဂုတ်လ ၈ ရက် နံနက်ပိုင်းကတည်းက တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဩဂုတ်လ ၈ ရက်၊ ၉ ရက်နှင့် ၁ဝရက်တို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် နဘုလယ်ဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာလည်း သုံးရက်ကြာသည်အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း နဘုလယ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ထားခဲ့တယ်။ ယောက်ျားတွေတော့ ခေါ်သွားတယ်” ဟု ဩဂုတ်လ ၉ ရက်နေ့က ဒေသခံအမျိုးသားလေးဦး ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို နဘုလယ် ဒေသခံတစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့်လများက ဖမ်းဆီးခံရသည့် ဖြစ်စဉ်များတွင် ဒေသခံပြည်သူများကို စစ်ကြောင်းတစ်လျှောက် လိုက်ပါစေကာ ခဲယမ်းများနှင့် ရိက္ခာများကို သယ်ခိုင်းကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ခမောင်းချောင်းနှင့် ဧကနိရွာနှစ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

အဆိုပါစစ်ကြောင်းမှာ ရေနက်ဆိပ်ကမ်း ယာယီတပ်စခန်းသို့ပြန်လည်ဆုတ်ခွားခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့ကစပြီး ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကလည်း ခမောင်းချောင်းရွာသို့ ဝင်ရောက်လာသည့် စစ်ကြောင်းသည် ‌သက်ကြီး ဘိုးဘွားများအတွက် လှူဒါန်းထားသည့် ဆန်အိတ်များကို ဖျက်ဆီးသွားခဲ့သေးသည်။