မွန်ပြည်နယ်တွင် ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လာပြီး ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြင့် အသက် ၁၀နှစ်အောက် ကလေးငယ် သုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀ ကျော်သာရှိခဲ့ရာမှ ဇူလိုင်လတွင် နှစ်ဆမြင့်တက်ကာ ရောဂါဖြစ်ပွားသူ ၁၁၅၇ ဦးအထိ တိုးလာကြောင်း အဆိုပါစာရင်းများအရ သိရသည်။
ပည်နယ်အတွင်း၌ မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံး သည် သံဖြူဇရပ်၊ တတိယအများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။
“အဓိကက ကလေးတွေကို ခြင်ကိုက်မခံရအောင် သတိပြုကြဖို့ လိုပါတယ်။ ကလေးတွေ ဖျားနာပြီဆိုရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီ ဆေးကုသမှုခံယူဖို့ လိုပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုသည် အသက် ၁၅နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့်သဘောသဘာဝရှိပြီး မိုးတွင်းကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် ရောဂါကူးစက်မှုအများဆုံးကာလဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
လက်ရှိတွင် ဆေးရုံအပြင် ပြင်ပဆေးခန်းများတွင်လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားသဖြင့် လာရောက်ပြသသူများနေကြောင်း ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တို့ထံမှ သိရသည်။
“မပေါ့ဆကြပါနဲ့။ ကလေး နေမကောင်းဖြစ်ရင် နီးစပ်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်သွားရပါမယ်။ ကြိတ်ပြီး မကုကြပါနဲ့” ဟု ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀၀ ကျော် ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနရှိစာရင်းများအရ သိရသည်။
မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးဌာနက ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းခြင်းလုပ်ငန်းများနှင့် ပိုးလောက်လန်းသတ် ခြင်ဆေးခပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ပြည်သူအနေနှင့်လည်း မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းပြောဆိုသည်။
ဖုံး၊ သွန်၊ လဲ၊ စစ်မှာ ရေအိုး၊ ရေခွက်၊ ရေစည် စသည်တို့ကို ဖုံးအုပ်ထားခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေအိုး၊ ရေခွက်များကို သွန်ပစ်ခြင်း၊ ဘုရားပန်းအိုးများကို ပုံမှန်လဲပေးခြင်း၊ ပိုးလောက်လန်းများကို ရေစစ်ဖြင့် စစ်၍ ဖယ်ရှားခြင်းတို့ ဖြစ်သည်။